
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၂,၄၀၃)ဧကရှိသောနယ်မြေကို “ကဖွား ဒီရေတောကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၈/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်း လဆုတ်(၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဒီရေတောပင်များသည် ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ရန်နှင့် ဂေဟစနစ်တည် ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန် စသည့် ရေသယံဇာတများ အစဉ်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ တိုင်၊ မျော စသည့် သစ်တော ထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည့်တံ့ထိန်းသိမ်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်လေထုမှ ကာဗွန်များစွာသိုလှောင်ထိန်းညှိပေးနိုင်ရန်၊ လူသားတို့၏ စနစ်မကျ သော မြေအသုံးချမှုများအား သစ်တောဥပဒေနှင့်အညီထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် သစ်တောဖုံးလွှမ်းမှုဧရိယာတိုးပွားလာစေရန် ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
ကဖွားဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ငှက်(ခ)နှံဗြူး၊ ကနစို၊ လန်းဘဲ၊ ကျန၊ ပင်လယ်အုန်း၊ ကဗျိုင်၊ ဘူးဇရပ်၊ လမု၊ သမဲ့၊ မဓမပင်၊ ခရာ၊ ဇလိပ်နွယ်နှင့် တမော်စသည့် ဒီရေတောပင်များပေါက်ရောက်မှုအား ရေရှည်တည်တံ့စေရန် ကာကွယ်နိုင်ခြင်း၊ ရေငန်ငါးအမျိုး မျိုး၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ကြက်တူရွေး၊ သိန်းငှက်၊ ပန်းဇင်ငှက်၊ ငှက်စလုံ (ဒင်ကျီးငှက်)နှင့် ငှက်တုံးငှက်မျိုးများ ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်ခြင်း၊ ဒေသခံ များအတွက် ဆူနာမီမုန်တိုင်း အစရှိသော သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းရိုး တန်းဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေခြင်း၊ သား၊ ငါး၊ ပုစွန်များ ခိုအောင်းပေါက်ပွားရှင် သန်နိုင်သဖြင့် ဂေဟစနစ်ပိုမိုကောင်းမွန်လာနိုင်ပြီး ဒေသခံများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေ တိုးပွားလာစေခြင်း၊ ဒေသခံများအတွက် အခြေခံလိုအပ်သည့် သစ်၊ တိုင်၊ မျော၊ ထင်းလောင်စာ များအတွက်လည်း အထောက်အကူပြုစေနိုင်ခြင်းတို့ကြောင့် ကဖွားဒီရေတော ကြိုးပြင်ကာကွယ် တောအဖြစ် သတ်မှတ်ကြေငြာခြင်းဖြစ်ပါသည်။
