သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား Smithsonian Conservation Biology Institute မှ Dr. Peter Leimgruber နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

(နေပြည်တော်၊ ၁၆-၅-၂၀၁၇)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Smithsonian Conservation Biology Institute - SCBI မှ Dr. Peter Leimgruber နှင့်အဖွဲ့အား ၁၆-၅-၂၀၁၇ ရက်နေ့၊ (၀၉:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၊ ရုံးအမှတ် (၂၈)၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးရဲထွန်း တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် Smithsonian Conservation Biology Institute မှ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းတို့နှင့် ပူးပေါင်း၍ တောဆင်ရိုင်းများ ရာသီအလိုက်ရွေ့လျားမှုကို သိရှိနိုင်ရန်နှင့် လူနှင့်တောဆင်ပဋိပက္ခဖြစ်ပွားမှု လျော့ချနိုင်ရန်အတွက် တောဆင်ရိုင်းများတွင် ဂြိုလ်တု ရေဒီယိုကော်လာတပ်ဆင်မှု၊ တောဆင်ရိုင်းများသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများ၊ သစ်တောဥပဒေနှင့် တောရိုင်းတိရစ္ဆာန်များ ပိုမိုသက်ရောက်လာစေရန် ဆောင်ရွက် နိုင်မည့်နည်းလမ်းများ၊ အများပြည်သူအနေဖြင့် တောဆင်ရိုင်းများနှင့်ပတ်သက်၍ အသိသုတ မြှင့်တင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ သစ်ထုတ်လုပ်မှု လျော့ချမှုကြောင့် ပိုလျှံလာမည့် အလုပ်ဆင်များအား သဘာဝတောများသို့ ပြန်လည်စေလွှတ်ရာတွင် ကင်ညာနိုင်ငံမှ လက်တွေ့အောင်မြင်နေမှုအား နမူနာအနေဖြင့် လေ့လာနိုင်မှုနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

သစ်တောဦးစီးဌာနအနေဖြင့် လူနှင့်တောဆင်ပဋိပက္ခဖြစ်ပွားလေ့ရှိသည့် ကျေးရွာများတွင် တောဆင်များ စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများသို့ ဝင်ရောက်ဖျက်ဆီးခြင်း၊ ကျေးရွာများသို့ ဝင်ရောက် နှောက်ယှက်ခြင်း၊ ကျေးရွာအနီးတွင် ဆင်မုဆိုးကဲ့သို့ သံသယဖြစ်ဖွယ်လူစိမ်းများတွေ့ရှိပါက မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများသို့ အရေးပေါ်ဆက်သွယ် သတင်းပေးပို့နိုင်မည့် တယ်လီဖုန်း နံပါတ်များ ဖြန့်ဝေပေးထားပြီး သတင်းရရှိပါက အချိန်နှင့် တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တောဆင်ရိုင်းများ ကျေးရွာများသို့ ဝင်ရောက် နှောက်ယှက်ခြင်း၊ သီးနှံစိုက်ခင်းများအား ဖျက်ဆီးခြင်းများ ဖြစ်ပေါ်လာ ပါက အထူးလေ့ကျင့်ထားသည့် အရေးပေါ်တောဆင်မောင်းအဖွဲ့ (Emergency Elephant Return Unit – EERU) ဖြင့် တောဆင်များအား ၎င်းတို့၏မူလစားကျက်အတွင်းသို့ ပြန်လည်စေလွှတ်ခြင်း များ ဆောင်ရွက်လျှက်ရှိပါသည်။