၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၅-၆-၂၀၁၇ ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပ

           ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၅-၆-၂၀၁၇ ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အမှာစကား ပြောကြားသည်။

          အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌများ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          အခမ်းအနား၌ နိုင်ငံတော်သမ္မတက အမှာစကား ပြောကြားရာတွင် ယခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “တို့ကမ္ဘာမြေတစ်ခွင် သာယာလှစေဖို့ သဘာဝကိုထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်ဖြစ်ကြောင်း၊ မိမိတို့အားလုံး နိစ္စဓူဝလှုပ်ရှား မှုများကို ခဏတဖြုတ်မေ့လျော့ထားပြီး သဘာဝပတ်ဝန်းကျင်ကြီး၏ သာယာလှပမှု၊ ထူးခြားဆန်းပြားမှုနှင့် တန်ဖိုးရှိမှုများကို သတိပြုမိစေပြီး အလေးထားလာအောင် မိမိတို့ လူသားများကို တိုက်တွန်းထားခြင်းဖြစ်ကြောင်း။

          မိမိတို့မြန်မာနိုင်ငံသည် မြောက်ဘက်ရေခဲတောင်တန်းများမှ တောင်ဘက် တနင်္သာရီ ကမ်းရိုးတန်းဒေသအထိ သာယာလှပသည့်ရှုခင်းများ၊ အမျိုးစုံသည့် သစ်တောများ၊ တောင်တန်းများနှင့် ပြည့်စုံသည့်နိုင်ငံဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံအဝန်း မည်သည့်နေရာမဆို မိမိတို့သည် သဘာဝပတ်ဝန်းကျင်ကြီးနှင့် နီးကပ်စွာဆက်နွှယ်သည့် အခြေအနေတွင် ရှိနေကြောင်း။

          အမျိုးမျိုးသောပတ်ဝန်းကျင်ဂေဟစနစ်များ တည်ရှိနေသည့်အတွက်မြန်မာနိုင်ငံသည် အာရှဒေသတွင် သဘာဝသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ လည်းဖြစ်ကြောင်း၊ ယင်းမှာ မိမိတို့တန်ဖိုးထားရမည့် သဘာဝကပေးသည့် လက်ဆောင်ဟု ပြောနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သဘာဝရေမြေတောတောင်များထဲတွင် အပင်မျိုးစိတ် ၁၈၀ဝ၀ ကျော်၊ ငှက်မျိုးစိတ်ပေါင်း ၁၁၀ဝ နီးပါးနှင့် နို့တိုက်သတ္တဝါမျိုးစိတ် ၃၀ဝ ကျော် မှီတင်းနေထိုင် ရှင်သန်ပေါက်ရောက်လျက်ရှိကြောင်း၊ ယင်းတို့ထဲတွင် ကမ္ဘာပေါ်၌ မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မျိုးစိတ်စာရင်းဝင်အပင်မျိုးစိတ် ၆၁ မျိုးနှင့် နို့တိုက် သတ္တဝါမျိုးစိတ် ၄၄ မျိုးပါဝင်နေကြောင်း၊ ကမ္ဘာ့မျိုးသုဉ်းလုမျိုးစိတ်များ စာရင်းဝင်ဖြစ်သည့် ရွှေသမင်နှင့် ငှက်မျိုးစိတ်ခြောက်မျိုးမှာ မြန်မာနိုင်ငံ၌သာတွေ့ရှိနိုင်သည့် ရှားပါး မျိုးစိတ်များ ဖြစ်ကြောင်း။

          ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကျင်းပနေရင်း မိမိတို့လူသား များသည် အသက်ရှင်သန် စည်ပင်ဝပြောရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိမိတို့၏ ကမ္ဘာ၊ ပတ်ဝန်းကျင်ကြီးကိုလည်း မည်မျှမှီခိုအားထားရသည်ဆိုသည်ကို သတိပြုမိရန်လိုကြောင်း၊ မိမိတို့နေထိုင်သည့် သဘာဝကမ္ဘာ့ပတ်ဝန်းကျင်ကြီးသည် လူသားများ၏ အသက်ရှင်သန်ရေးကို အထောက်အကူပြုပေးနေသည့်ဂေဟစနစ်ကြီး ဖြစ်ကြောင်း။

          ကမ္ဘာတစ်ဝန်းတွင် လူသားများကို သဘာဝပတ်ဝန်းကျင်ကြီးနှင့် ဆက်နွှယ်ပေးကြရန် အပြုသဘောဆောင်သည့် အစီအစဉ်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်နေကြ သည်ကို တွေ့ရှိနေရသည့်အတွက် အထူးစိတ်အားတက်ရကြောင်း၊ ယနေ့ကမ္ဘာတစ်ဝန်းတွင် လူသားများ အကျိုးအတွက်ပျက်သုဉ်းမသွားစေရန် ကာကွယ်စောင့်ရှောက်ထိန်းသိမ်း ထားသည့်နေရာ ဒေသအများအပြားရှိနေကြောင်း၊ ယူနက်စကို၏ အထိန်းသိမ်းခံအမွေအနှစ် စာရင်းတွင် ပါဝင်လာသည့် ဘရာဇီးနိုင်ငံမှ အမေဇုန်သစ်တောများ၊ တရုတ်နိုင်ငံမှ ဟူဘေးသစ်တောဧရိယာ၊ အီရန်နိုင်ငံမှ လုကန္တာရဒေသအပါအဝင် သဘာဝဇီဝမျိုးစုံ ပေါကြွယ်ဝသည့် အရပ်ဒေသများသည် ယူနက်စကို၏အထိန်းသိမ်းခံ အမွေအနှစ် စာရင်းတွင် ပါဝင်လာသည်ကိုတွေ့ရသည့်အတွက် များစွာဝမ်းသာကျေနပ်ရကြောင်း။

          မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခါကာဘိုရာဇီ အမျိုးသားသဘာဝဥယျာဉ်၊ လောင်းတော်ကဿပ ဘေးမဲ့ဥယျာဉ်၊ ရွှေစက်တော်ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်၊ လူသားနှင့် ဇီဝအဝန်းနယ်မြေဟု သတ်မှတ်ထားသည့် အင်းလေးကန် စသည့်နေရာ ဒေသများကိုထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအပါအဝင် မြန်မာနိုင်ငံ၏ ရေမြေ သဘာဝ၊ သစ်တော၊ ပန်းခြံ၊ သားရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် အလေးထားဆောင်ရွက် လျက်ရှိကြောင်း။

          ယနေ့ မိမိတို့ခံစားနေရသည့် အကြီးမားဆုံးစိန်ခေါ်မှုကြီးတစ်ခုမှာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်၏ ခြိမ်းခြောက်မှုပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အများဆုံးခံနေရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် မကြာသေးမီက တစ်ကြိမ်တစ်ခါမျှ မကြုံစဖူး အပူရှိန် လွန်ကဲမှုနှင့် ဆိုးရွားသည့် ရာသီဥတုဒဏ်များကို ခံစားခဲ့ရကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ် အတွင်းမှာ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများတွင် ပျက်စီးမှုအမြောက်အမြားဖြစ်စေခဲ့သည့် မိုရာဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ပြည်နယ်တွင် ရှိသည့် မြို့နယ်အချို့နှင့် ကျေးရွာများကို အပြင်းအထန်ရိုက်ခတ်သွားခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ အရပ်ဒေသအချို့တွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကဖြစ်ခဲ့သည့် အဆိုးရွားဆုံး သဘာဝ ဘေးဒဏ် တစ်ခုဖြစ်သည့် ဆိုင်ကလုန်းနာဂစ်၏ဒဏ် ခံစားခဲ့ရမှုများကို ယနေ့တိုင်ကုစားနေရဆဲ ဖြစ်ကြောင်း။

          မြန်မာနိုင်ငံသည် အဓိကအားဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ မိမိတို့၏ တောင်သူလယ်သမားများသည် အခြေခံစားဝတ်နေရေးအတွက် စိုက်ပျိုးရေးကိုလုပ်ကိုင်ကြရာတွင် ရာသီဥတုမှန်ကန်ပြီး မိုးရေကို အချိန်အခါနှင့်အညီ အလုံအလောက်ရရှိနေရန် သဘာဝရာသီဥတုကို မှီခိုအားထားပြီး လုပ်ကိုင်နေကြရကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ကာကွယ် ပေးနိုင်မည့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း နိုင်ငံအဝန်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏စီးပွားရေး ဖွံ့ဖြိုးစည်ပင်ဝပြောရေး အတွက် အလွန်အရေးပါကြောင်း။

          သို့ဖြစ်၍ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကာကွယ်တုံ့ပြန်နိုင်ရန် ကာလရှည် အမျိုးသားစီမံချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်ကို အသိအမှတ် ပြုထားသည့်အပြင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမျိုးသားမူဝါဒတစ်ရပ်ကို ထုတ်ပြန် နိုင်ရန်အတွက် အဖွဲ့အစည်းအသီးသီးက ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာပညာရှင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ညှိနှိုင်းရေးဆွဲလျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အမျိုးသားမူဝါဒနှင့် လုပ်ငန်းစီမံချက်ကို မကြာမီကာလ အတွင်းထုတ်ပြန်ပြီးအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟုမျှော်လင့်ထားကြောင်း။

          မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်သည့် အခြေအနေကို ကာကွယ်ရန် ခံနိုင်မှုစွမ်းရည်မြှင့်တင်ရန်အတွက် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကို မိမိတို့လက်ကမ်းကြိုဆိုကြောင်း၊ ပါရီရာသီဥတုပြောင်းလဲမှု သဘောတူညီချက်စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေးဆိုင်ရာ နိုင်ငံတကာကြိုးပမ်းမှုအစီအစဉ်များတွင် ဘဏ္ဍာငွေရှာဖွေထောက်ပံ့ ပေးရေး၊ နည်းပညာထုတ်လုပ်ရေးနှင့် လွှဲပြောင်းပေးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး စသည့်ကဏ္ဍများတွင် ဆက်လက်ပြီး ဦးဆောင်ပါဝင် တုံ့ပြန်ဆောင်ရွက်ပေးရန်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုဒဏ်ကာကွယ်ရေး၊ ခံနိုင်ရည်ရှိရေး မဟာဗျူဟာလုပ်ငန်း များကို အားပေးကူညီသွားရန်အတွက် ဖွံ့ဖြိုးပြီး နိုင်ငံများကို တိုက်တွန်းအပ်ပါကြောင်း။

          မိမိတို့သည် အလှတရားများနှင့်ပြည့်စုံနေသည့် ဇီဝမျိုးစုံမျိုးကွဲများ အပြည့်အစုံ ရှိနေသည့် ကမ္ဘာကြီးတွင် ရှင်သန်နေထိုင်ခွင့်ရနေခြင်းသည် ထူးကဲသည့် အခွင့်အရေး ဖြစ်သည်ကို နှလုံးသွင်းခံယူပြီး သဘာဝပတ်ဝန်းကျင်ကြီးကို ဆက်လက်ထိန်းသိမ်း သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

          ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက်စ်က ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားသို့ ပေးပို့သည့် ဗီဒီယို သဝဏ်လွှာကို ပြသသည်။

          ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိကြသူများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိကြသူများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်သည်။

          ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယို မှတ်တမ်းကို ပြသသည်။

          ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

          ယင်းနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဝန်ကြီး ဌာန ရှစ်ခု၊ NGO ခုနစ်ခု၊ INGO ခြောက်ခုနှင့် ပုဂ္ဂလိကအဖွဲ့အစည်း ငါးခုတို့မှ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပြခန်း ၄၂ ခန်း  ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုကြသည်။

(၆-၆-၂၀၁၇) ကြေးမုံသတင်းစဉ်