သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီမှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ အား ယနေ့ ၂၀-၇-၂၀၁၇ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁၃:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသော ဦးခင်မောင်ရီ နှင့် ဦးဌေးအောင်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်၊ ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်ဆွေ၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တို့တက်ရောက်ကြသည်။

UN Special Rapporteur to Myanmar Ms. Yanghee Lee နှင့်အတူ OHCHR မှ Human Rights Officer ဖြစ်သူ Ms. Raja Nor Azwa Raja Alang Petra , Research Assistant ဖြစ်သူ Ms. Rhiannon Painter ၊ United Nations Information Centre မှ National Information Officer ဖြစ်သူ ဦးအေးဝင်း၊ OHCHR မှ Field Security,Safety and Liaison Officer ဖြစ်သူ Mr. Leonardo Cunha ၊ UN Department of Safety and Security မှ UN Local Security Assistant ဖြစ်သူ ဦးဟန်စိုးအောင် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လင်းမာလာလွင် ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းမြတ် တို့လည်း တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲရာတွင် ပွင့်လင်း မြင်သာမှုရှိစေရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ EITI အစီရင်ခံစာ ရေးသားတင်သွင်းမှု အခြေအနေများ၊ သတ္တုတူးဖော်ထုတ်လုပ်ခွင့်လိုင်စင်ဆိုင်ရာ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ၊ မြန်မာ့သတ္တုတွင်းနည်းဥပဒေများ၊ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပြင်ဆင်ရေးဆွဲမှု အခြေအနေများနှင့် အတည်ပြု ပြဋ္ဌာန်း ပြီးနောက် ဆောင်ရွက်မည့်အစီအစဉ်များ၊ သတ္တုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသက်သာစေရန်အတွက် ဆောင်ရွက်မည့် EIA ၊ IEE ၊ EMP အစီရင်ခံစာ များ ရေးဆွဲတင်သွင်းသည့် လုပ်ငန်းစဉ်များ၊ အထူးစီးပွားရေးဇုန်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဆွေးနွေးဆောင်ရွက်မှုအစီအစဉ်များ၊ အဆိုပါ လုပ်ငန်းများအတွက် နိုင်ငံအဆင့်၊ မြို့ကြီးအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် တို့တွင် ဆောင်ရွက်မည့် ဆွေးနွေးမှုဆိုင်ရာလမ်းညွှန်ချက် (Public Consultation Guidelines) ထုတ်ပြန်မည့် အခြေအနေများ၊ EIA အစီရင်ခံစာအား တတိယအဖွဲ့အစည်းမှ ရေးဆွဲရာတွင် Public Consultation မဖြစ်မနေပါဝင်ရန် လိုအပ်ချက်များ၊ စီမံကိန်းများကြောင့် ဒေသခံ ပြည်သူလူထု အသက်မွေးဝမ်းကြောင်းမှု ထိခိုက်မှုမရှိစေရန် ဆောင်ရွက်သည့် အစီအစဉ်များ၊ မြေယာစီမံအုပ်ချုပ်မှုနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊ လက်ပံတောင်းတောင် စီမံကိန်း ဆိုင်ရာ အခြေအနေများ၊ ပတ်ဝန်းကျင်နှင့် ဒေသခံတို့၏ ကျန်းမာရေးအား ထိခိုက်စေနိုင်သည့် စီမံကိန်းလုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုရာတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်း များ၊ ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ နိုင်ငံအဆင့် ကော်မတီဖွဲ့စည်းဆောင်ရွက်မှုများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် စီမံချက်များအား နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းရေးဆွဲပြုစုမှုအခြေအနေများ၊ ထာဝစဉ်ဖွံ့ဖြိုးမှုရည်မှန်းချက်များအား အကောင် အထည်ဖော်ရေး ဆက်နွယ်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် ပတ်သက်၍ ဆွေးနွေးကြခဲ့ကြပါသည်။