အာရှဒေသသစ်တောပူးပေါင်းဆောင်ရွက်မှုအဖွဲအစည်းတည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်၌ မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုး

နေပြည်တော်၊ သြဂုတ် ၁

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အာရှဒေသသစ်တောပူးပေါင်းဆောင်ရွက်မှု အဖွဲအစည်း တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းရရှိသည်။

အဆိုပါသဘောတူစာချုပ်ကို မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးရန်အတွက် ၂၀၁၇ ခုနှစ်၊ ဇွန်လ၆ရက်နေ့၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်း အဝေး၊ ပဉ္စမနေ့၌ လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။ ယင်းသဘောတူစာချုပ်ကို အင်ဒိုနီး ရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ တီမောလက်စ်တေ၊ ဘူတန်၊ ဘရူနိုင်းဒါရုဆလမ် နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတိုက လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။ သဘောတူ စာချုပ် ပါဝင်လက်မှတ် ရေးထိုးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများအား ဖြေရှင်းရန်အတွက် ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှု မူဘောင်အတွင်းမှ ကောင်းမွန်သည့်နည်းပညာနှင့် မူဝါဒများကို ခိုင်မာသည့် လုပ်ငန်းစဉ်များအဖြစ် ပြောင်းလဲ အကောင်အထည်ဖော်ကာ ဒေသတွင်းသစ်တောလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ကိုမြှင့်တင် သွားနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများအကြား ဆက်ဆံရေးပိုမိုနီးကပ် ကောင်းမွန်လာနိုင်မည်ဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် အဖွဲ့ဝင်နိုင်ငံများ အကြား နည်းပညာနှင့်အတွေ့အကြုံများ မျှဝေဖလှယ်နိုင်မည်ဖြစ်ကာ သစ်တောစီမံအုပ်ချုပ်မှု ကဏ္ဍတွင် ဆန်းသစ်သောနည်းပညာများ၊ မူဝါဒများနှင့် အတွေ့အကြုံကောင်းများရရှိ၍ မြန်မာနိုင်ငံ၏ သစ်တောလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရှိရသည်၊

“အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့် ပညာပေးရေး သင်တန်းကျောင်းတည်ထောင်ခြင်း”အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၌ ASEAN-Korea Forest Cooperation Regional Education and Training Center – AFoCo RETC) ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၌ စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြီးစီးမည်ဖြစ်သည်၊ အဆိုပါသင်တန်းကျောင်း၏ စီမံကိန်းကာလမှာ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၁၀)နှစ်ကာလဖြစ်ပြီး၊ ထောက်ပံ့ငွေရံပုံငွေမှာ အမေရိကန်ဒေါ်လာ ၆.၆ သန်းဖြစ်သည်၊ အာရှဒေသအတွင်းရှိ နိုင်ငံအသီးသီးမှ သင်တန်းသားများ ကို ဖိတ်ကြား၍ ကာလတိုသင်တန်းကို ရက်သတ္တပတ်(၁)ပတ်၊ ကာလရှည်သင်တန်းကို ရက်သတ္တပတ် ၂ ပတ်မှ ၆ လအထိ ပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်၊

ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံခရီးစဉ်အတွင်း ကိုရီးယားအမျိုးသား သစ်မျိုးစုံဥယျာဉ်သို့ သွားရောက်ကာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု၊ မျိုးစိတ်များနှင့် အပင်သယံဇာတ ထိန်းသိမ်းခြင်း နည်းပညာ ဆောင်ရွက်မှုတို့ကို လေ့လာခဲ့ကြောင်းသိရသည်။ သစ်တောဦးစီးဌာနအနေဖြင့် ကိုရီးယားအမျိုးသားသစ်မျိုးစုံဥယျာဉ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံသစ်တောများအတွင်း အပင်မျိုးစိတ်သယံဇာတ စာရင်းကောက်ယူခြင်း၊ အပင်မျိုးစိတ် ပန်းပုံစံနမူနာများ စုဆောင်းမျိုးခွဲ မှတ်တမ်းတင်ခြင်းများဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။