ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး ပြည်ထောင်စုဝန်ကြီးကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ သြဂုတ် ၁၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည်  သြဂုတ်လ ၁၁ ရက်နေ့တွင် မကွေးတိုင်း​ဒေသကြီး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊  လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်းအတွင်း စိုက်ပျိုးထားရှိသည့် တရုတ်-မြန်မာချစ်ကြည်ရေး ဇီဝစံပြသစ်တောစီမံကိန်းသို့ ရောက်ရှိပြီး၊ စိုက်ခင်း တည်ထောင် စိုက်ပျိုးဆောင်ရွက်ပြီးစီးမှု၊ သစ်မျိုးအလိုက် စိုက်ပင်များ ပြုစုထိန်းသိမ်း ဆောင်ရွက်မှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်၊ အဆိုပါစိုက်ခင်းအား တရုတ်-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ၂၀၁၇ ခုနှစ်၊ မိုးရာသီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စိုက်ပျိုးကုန်ကျစရိတ်ကျခံ၍ သစ်တောဦးစီးဌာနက တာဝန်ယူ စိုက်ပျိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် လေးပင်-အိုင်းမကြိုးပြင်ကာကွယ်တော၌ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသည့်ကျေးရွာသုံးစိုက်ခင်းအား ကြည့်ရှု စစ်ဆေးသည်၊ ၎င်းနောက် မင်းဘူးမြို့နယ်၊ ဆင်ဂေါင်း-ဇီးအိုင်အဆိုပြုကြိုးပြင် ကာကွယ်တောအတွင်း ၂၀၁၆ ခုနှစ်၊ မိုးရာသီ၌ စိုက်ပျိုးတည်ထောင်ခဲ့သည့် ကျေးရွာသုံးစိုက်ခင်း ရှင်သန်အောင်မြင်မှုအခြေအနေအား ကြည့်ရှု စစ်​ဆေးခဲ့သည်။ ကျေးရွာများနှင့် နီးကပ်၍ သစ်ပင်ကျဲပါးသည့်နေရာများ၌ ဒေသသစ်မျိုးနှင့် အကြီးမြန် သစ်မျိုးများကို  ယခုကဲ့သို့ ကျေးရွာသုံးစိုက်ခင်းများ ထူထောင်၍ ကျေးရွာ၏ ထင်း၊ တိုင်၊ မျောစသည့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်၊

ဆက်လက်၍ မင်းဘူးမြို့နယ်၊ ပုဂံဂံကြိုးဝိုင်းအတွင်း အနီးဝန်ကျင်ရှိ ခရုကန်ကျေးရွာနေ ဒေသခံပြည်သူများက တည်ထောင် စိုက်ပျိုးသည့် ယူကလစ်စိုက်ခင်း၊ လျှော်ဖြူစိုက်ခင်း၊ ကျွန်းစိုက်ခင်းနှင့် သစ်မျိုးစုံစိုက်ခင်း များအား ကြည့်ရှု စစ်ဆေး၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ဒေသခံပြည်သူများ သိလိုသည့် မေးမြန်းချက်များအပေါ် ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

၎င်းနောက် ဆက်လက် ထွက်ခွာ၍ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်ရုံးသို့ ရောက်ရှိရာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးက မြန်မာ့ကြယ်လိပ်များ မျိုးမသုဉ်းစေရေးအတွက် သုတေသနပြု ဆောင်ရွက်နေမှု၊ ကြယ်လိပ် များအား စနစ်တကျ ခြံလှောင်မွေးမြူ၍ သဘာဝတောအတွင်း ပြန်လည်စေလွှတ်၍ နေရင်းဒေသ၌ သဘာဝအလျှောက် မြန်မာ့ကြယ်လိပ်များ ပေါများပြန့်ပွားစေရေးစီစဉ်ဆောင်ရွက်ချက်များနှင့် ဘေးမဲ့တောအတွင်း ရွှေသမင်ရှင်သန်ကျက်စားမှု၊ မျိုးမသုန်းစေရေး ထိန်းသိမ်းကာကွယ်မှုတို့အား ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ဘေးမဲ့တောအတွင်း ရွှေသမင်များ၊ ရေပျော်ငှက်များ၊ သားငှက်တိရိစ္ဆာန်များ နွေရာသီ ရေမပြတ်စေရေးအတွက် ကန်တော်ကြီးကန်အား ပြန်လည်ဆယ်တင်ဆောင်ရွက်မှုအခြေအနေတို့အား ရှင်းလင်းတင်ပြပြီး၊တင်ပြချက်များအပေါ်သစ်တောဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် က ဖြည့်စွက်ဆွေးနွေးတင်ပြသည်၊ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥယျာဉ်အတွင်း လိပ်မွေးမြူ ပြုစုထိန်းသိမ်းစောင့်ရှောက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်၊

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့မှ ရေနံချောင်းမြို့သို့ ထွက်ခွာကာ ရေနံချောင်းမြို့​ရှောင်လမ်းဘေး၌ ယခုနှစ်မိုးရာသီတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက စိုက်ပျိုးတည်ထောင် ခဲ့သည့် ကျေးရွာသုံးစိုက်ခင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်၊ စိုက်ခင်းယာယီရှင်းလင်းဆောင်၌ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်းက စိုက်ခင်းစိုက်ပျိုးပြီးစီးမှု၊ ရှင်သန် အောင်မြင်မှု၊ စိုက်ခင်းအတွင်းဆောင်ရွက်ထားရှိသည့် သုတေသနစမ်းသပ်ကွက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် နှစ်စဉ်ကျေးရွာသုံးစိုက်ခင်းများ တည်ထောင်၍ ငါးနှစ်ပြည့်မြောက်ပါက နီးစပ်ရာကျေးရွာများသို့ လွှဲပြောင်းပေးအပ်၍ ဒေသခံပြည်သူများ၏ သစ်ထင်း လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

၎င်းနောက်ဆက်လက် ထွက်ခွာကာ ညောင်ဦးမြို့သို့ ရောက်ရှိ၍ ပိုက်လှမ်းတောင်စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးဆောင်ရွက်မှုအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်၊

သြဂုတ်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ညောင်ဦး-မြင်းခြံလမ်းအတိုင်းထွက်ခွာ၍ ညောင်ဦးမြို့နယ်၊ ထက်လန်ကန်ကျေးရွာ၌ သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ JIFPRO အဖွဲ့အစည်းတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လက်ထုတ်-ထက်လန်းကန် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းတည်ထောင်ခြင်းစီမံကိန်းသို့ ရောက်ရှိရာ ညောင်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ယခုနှစ်စတင် အကောင် အထည် ဖော်ဆောင်ရွက်မှု၊ အနီးဝန်ကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် စိုက်ကျင်း များ၌ မြေစိုထိုင်စထိန်းပစ္စည်းထည့်သွင်း၍ သုတေသနပြုဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်း ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဒေသခံ ပြည်သူများအား စွမ်းအားမြှင့်မီးဖိုများ ဝေငှ၍  ကျေးရွာစာသင်ကျောင်းနှင့် ဘုန်းတော်ကြီးတို့အတွက် ဆိုလာ နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်၊ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ခင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့မှ ဆက်လက်ထွက်ခွာ၍ မန္တလေးတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်သို့ရောက်ရှိရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် တောင်သာကြိုးဝိုင်းအတွင်း သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းနှင့် တောကျဲပါး သည့်နေရာများ၌ ကွက်လပ်ဖြည့်စိုက်ခင်းစိုက်ပျိုးဆောင်ရွက်မှုလုပ်ငန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်၊

၎င်းနောက် တောင်သာမြို့နယ်၊ အပူပိုင်းဇုံရုက္ခဥယျာဉ်ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးအောင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များအား တင်ပြသည်၊ ရုက္ခဥယျာဉ်အတွင်း တည်ထောင်ထားရှိသည့် ပရဆေးပျိုးဥယျာဉ်နှင့် သဘာဝရေထွက် မှ ရေကိုပိုက်ဖြင့်သွယ်တန်း၍ ရေသိုလှောင်ထားရှိရန် ရေသိုလှောင်ကန် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးသည်၊

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်သာမြို့မှ ပြန်လည်ထွက်ခွာ၍ နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ရောက်ရှိရာ ဘေးမဲ့တောအုပ်ချုပ်ရေးမှူးက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများ၊ မြန်မာ့ကြယ်လိပ်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက် နေမှု၊ ကြယ်လိပ်များအား သဘာဝတောအတွင်း ပြန်လည်စေလွှတ်၍ သဘာဝအတိုင်း မျိုးဆက်ပွားမှု အခြေအနေအား ရေဒီယိုထရန်စမစ်တာ အသုံးပြု၍ သုတေသနပြုဆောင်ရွက်နေမှု အခြေအနေများကို တင်ပြ ပါသည်။ အဆိုပါစခန်း၌ ၁၉၉၉ခုနှစ်၌ လိပ်အထီး (၆)ကောင်၊ အမ(၆)ကောင် စတင်မွေးမြူ ဆောင်ရွက်ရာမှ ယခုအခါ လိပ်ကောင်ရေ နှစ်ထောင်ရှစ်ရာကျော်အထိ တိုးပွားလာပြီး၊ သဘာဝတောအတွင်း ပြန်လည် စေလွှတ် ခြင်း၊ သုတေသန လုပ်ငန်းများကိုလည်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)၊ လိပ်မျိုးဆက်ရှင်သန်ရေး အဖွဲ့(TSA)  တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။