ယူရို ၁ ဒသမ ၈ သန်းအသုံးပြု၍ ဆင်စခန်းတည်ထောင်ခြင်းနှင့် ဆင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ကျင်းပပြုလုပ်

နေပြည်တော် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း သည် သြစတြီးယားနိုင်ငံအခြေစိုက် VIER PFOTEN/FOUR PAWS International ၏ ဥက္ကဌ Mr. Helmut Dungler နှင့်အဖွဲ့အား စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီက ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘ၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းတို့တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် FOUR PAWS International (FPI) မှ ဆောင်ရွက်မည့် ရဲနွယ်သစ်တော ကြိုးဝိုင်းအတွင်း ဆင်စခန်း တည်ထောင်ခြင်းနှင့် ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် မြေငှားရမ်းခြင်း၊ ဌာနပိုင်ဆင်များ ငှားရမ်းခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်ညှိနှိုင်းဆွေးနွေးကြပြီး မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘနှင့် FPI ၏ ဥက္ကဌ Mr. Helmut Dungler တို့သည် နားလည်မှုစာချွန်လွှာ (MoU) တွင် လက်မှတ်ရေးထိုး၍ စာချွန်လွှာကိုအပြန်အလှန် လဲလှယ်ကြသည်။

မြန်မာ့သစ်လုပ်ငန်းနှင့် FPI တို့ ရေးထိုးသည့် နားလည်မှုစာချွန်လွှာ၏ သက်တမ်းကာလသည် (၁၀) နှစ် ဖြစ်ပြီး ယူရို ၁ ဒသမ ၈ သန်း အသုံးပြု၍ ဆင်စခန်းတည်ထောင်ခြင်းနှင့် ဆင် ထိန်းသိမ်းရေး လုပ်ငန်းများ ကို အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။