အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ၁၁-၁၁-၂၀၁၇

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၁၁-၁၁-၂၀၁၇ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သစ်စေ့နှင့်ပျိုးပင် ထုတ်လုပ်ရေးဌာန ဝန်းအတွင်း သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကိုရီးယား သစ်တောဌာနတို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၁၀) နှစ်ကာလ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် “အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း တည်ထောင်ခြင်းစီမံကိန်း (Establishment of ASEAN-Korea Forest Cooperation Regional Education and Training Centre - AFCO RETC) ၏ သင်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဤစီမံကိန်းသည် အာရှဒေသ သစ်တောပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအတွက် သစ်တောကဏ္ဍ ဆိုင်ရာ ဒေသအဆင့် စွမ်းဆောင်ရည် မြှင့်တင်သည့်သင်တန်းများ၊ အလုပ်ရုံဆွေး နွေးပွဲများ၊ ပညာရပ် ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် လေ့လာရေးများအား ဖွင့်လှစ်ပို့ချရန် ရည်ရွယ်လျှက် ဆောင်ရွက်ခြင်း ဖြစ်သည်။ စီမံကိန်းရန်ပုံငွေ အမေရိကန် ဒေါ်လာ (၇,၈၅၄,၅၂၈) ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ၏ အလုံးစုံထောက် ပံ့မှုဖြစ်သည်။

ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ (၉၆.၉၇)ရာခိုင်နှုန်းဖြစ်ပြီး နှစ်ယောက်တွဲ အခန်း (၁၄) ခန်းပါဝင် သည့် သင်တန်းသားအဆောင်နှင့် တစ်ယောက်ခန်း (၁၀)ခန်း ပါဝင်သည့် သင်တန်းဆရာအဆောင် ပါဝင်သည်။

ဤသင်တန်းကျောင်း တည်ထောင်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အတွေ့အကြုံနှင့် ဗဟုသုတများ မျှဝေနိုင်မည့် ပိုမိုကောင်းမွန်သော ဆက် သွယ်ရေး ကွန်ယက်တစ်ခု ဖြစ်ပေါ်လာစေမည်ဖြစ်ပြီးအာရှဒေသနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ အကြား ခိုင်မာသော ပေါင်းစည်းမှုကိုအခြေခံ၍ နိုင်ငံတကာ လူမှုအဖွဲ့စည်းအပေါ် ကောင်းမွန်စွာ အကျိုးပြု နိုင်သော သစ်တောကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးတည်ဆောင်ရွက်မည် ဖြစ်သောကြောင့် မြန်မာ့သစ်တောများ သာမက အာရှဒေသတွင်း သစ်တောသယံဇာတများ ထိန်းသိမ်း ကာကွယ်ခြင်း၊ စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်ခြင်း လုပ်ငန်းများကို များစွာအထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)