သယံဇာတ နှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စီမံကိန်းနှင့် ရွှေစက်တော် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အတွင်း ရေကန် တူးဖော်ဆောင်ရွက်မှု အခြေအနေ ကြည့်ရှု စစ်ဆေး

နေပြည်တော် ၊ ဒီဇင်ဘာ ၄

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး လိုက်ပါလျက် မင်းဘူး (စကု)မြို့နယ် ၊ လေးပင်- အိုင်းမ ကြိုးပြင် ကာကွယ်တော အတွင်း Green Earth Power (Myanmar) Co., Ltd. မှ ၂၂၀ မဂ္ဂါဝပ် (ဒီစီ) နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စက်ရုံ တည် ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိလာရာ စီမံကိန်း တာဝန်ခံက စက်ရုံ တည်ဆောက်ရေး လုပ်ငန်း၊ လျှပ်စစ် ဓါတ်အား ဖြန့်ဖြူး နိုင်မည့် အခြေအနေနှင့် စက်ရုံအတွက် မြေနေရာ ထပ်မံ လိုအပ်ချက် တို့ကို  တင်ပြခဲ့ ကြောင်း သိရသည်။

အဆိုပါ ဓါတ်အားပေး စက်ရုံတည်ဆောက်ရေး စီမံကိန်း ကာလမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ် အထိဖြစ်ပြီး အဆင့် (၄)ဆင့် ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံ ခွင့်ပြုသည့် ကာလ မှာ နှစ်(၃၀) ဖြစ်ကြောင်း၊ စီမံကိန်း ကာလပြီးဆုံးပါက (၃၅၀)ယူနစ် သန်းပေါင်း နှစ်စဉ် ထုတ်လုပ် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ ရွှေစက်တော် တောရိုင်း တိရိစ္ဆာန် ဘေးမဲ့တော အတွင်း ရွှေသမင်၊ အခြားတောရိုင်းနှင့် သားငှက် တိရစ္တာန်များ သောက်သုံးရေ အတွက် တူးဖော် ဆောင်ရွက်ခဲ့သော ကန်တော်ကြီး ရေကန်သို့ ရောက် ရှိရာ သစ်တော ဦးစီးဌာနမှ ရွှေသမင်နှင့် အခြားသား ငှက်တိရိစ္ဆာန်တို့ အတွက် သီးပင်၊ စားပင် စိုက်ပျိုးမှု အခြေအနေ၊ ပွင့်ဖြူမြို့နယ် ၊ ဆည်မြောင်း ဦးစီးဌာနက ကန်တော်ကြီး ရေကန်အနီး ဆောင်ရွက် လျက်ရှိသည့် ပင်မတမံ (၁၆၄၀)ပေ၊ နိမ့်သော နေရာများတွင် ကုန်းလျော တမံ (၇၀၀) ပေ နှင့် ရေပိုလွဲ ဖောက်လုပ်မည် နေရာရှင်းလင်းခြင်း  ဆောင်ရွက် နေမှုအခြေအနေ များအား တင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဆွေးနွေး မှာကြား ခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ်၊ အပူပိုင်း​ ဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနက ပျိုးထောင်ခြင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိသည် ရွှေတပင် အမြဲတမ်း ပျိုးဥယျာဉ်သို့ ရောက်ရှိစစ်ဆေး၍ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၏ တင်ပြချက် များအပေါ် လိုအပ် သည်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။