ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ

နေပြည်တော် ၁၇-၅-၂၀၁၈

ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၏ သတင်း စာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပြည်သူ့ အတွက် ဒုတိယ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့ မှုနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဝန်ကြီးဌာန အနေဖြင့် သစ်ထုတ်လုပ်မှုသုံးသပ်ခြင်းအပိုင်းနှင့် ဆောင်ရွက်ခြင်းတွင် ကျွန်းအပါအဝင် အဖိုးတန် သစ်တောကြီးများ ရှိသည့် ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင် ၍ (၁၀)နှစ် ရပ်နားခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစပြီး နှစ်စဉ်ခုတ်လှဲခွင့်ပြုသည့် (Annual Allowable Cut- AAC ) အရေအတွက်ထက် လျှော့ချထုတ်လုပ်ခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့် သစ်မာ ထုတ်လုပ်ရာတွင် ကျွန်းနှစ်စဉ် တောထွက်၏ ၅၅ ရာခိုင်နှုန်းနှင့် သစ်မာ နှစ်စဉ် တောထွက်၏ ၃၁ ရာခိုင်နှုန်းသာ ထုတ်လုပ်ခဲ့ခြင်း၊ သစ်ထုတ် လုပ်ခြင်းအား မြန်မာ့ သစ်လုပ်ငန်းမှသာ တာဝန်ယူဆောင်ရွက် ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း။

ဆင်ထိန်းသိမ်းစောင့်ရှောက်ခြင်းအခြေခံသော ခရီးသွားစခန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ခရီးသွား ဆင်စခန်း (၁၈) ခုအထိ တိုးချဲ့ဖွင့် လှစ်နိုင်ခဲ့ပါကြောင်း။

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတိုးတက်ဆောင်ရွက်မှုများ အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ၂၃၃,၀၇၇ ဧက တည်ထောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အီရန် နိုင်ငံ၊ တီဟီရန်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် မှ ၁၆ ရက်အထိ ကျင်းပခဲ့သော (၁၈)ကြိမ် မြောက် Energy Globe Award ဆုပေးပွဲ၌ မိတ္ထီလာ ခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ရိုးစုံကျေးရွာဒေသခံပြည်သူ အစုအ ဖွဲ့ပိုင်သစ်တော မှ ၂၀၁၇ ခုနှစ် အတွက် နိုင်ငံလုံးဆိုင်ရာဆု (Energy Globe National Award) ရရှိခဲ့ပါကြောင်း။

ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ခြင်းအနေဖြင့် သဘာဝထိန်းသိမ်းရေး နယ်မြေ များအား မူလ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဥယျာဉ်အုပ်ချုပ် လုပ်ကိုင်မှုစီမံချက် (Park Management Plan) များ ရေးဆွဲခဲ့ပြီး မြန်မာနိုင်ငံ ဆင်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၇) (Myanmar Elephant Conservation Action Plan-MECAP 2018-2027) ကို ရေးဆွဲနိုင်ခဲ့ပါကြောင်း။

တရားမဝင်သစ်ကာကွယ်တားဆီးမှု သုံးသပ်ခြင်းနှင့် ဆောင်ရွက်ချက် အပိုင်းတွင် တရား မဝင် ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၂,၈၉၃.၄၃၁၆) တန်၊ တရားခံ ၆,၅၉၁ ဦး (နိုင်ငံခြား သား ၁၉ ဦးအပါအဝင်)၊ ယာဉ်/ ယန္တရား ၃၁၉၂ စီး ဖမ်းဆီး နိုင်ခဲ့ပါကြောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး အတွက် စိုက်ခင်း တည်ထောင်ခြင်း ၃၈၈၈ ဒသမ ၄၇ ဧက၊ သဘာဝ တောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း ၃၇၀၀၀ ဧက ဆောင်ရွက်နိုင် ခဲ့ပါကြောင်း။

ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်း စဉ်များရေး ဆွဲခြင်း၊ ရာသီဥ တုပြောင်းလဲမှု လျော့ချရေးနှင့် လိုက်လျော ညီထွေရှိရေး ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ခိုင်မာ အားကောင်းစေခြင်း တို့ကိုလည်း အဆင့်ဆင့် စီမံဆောင်ရွက် ထာရှိပြီး ဖြစ်ကြောင်း ရှင်းလင်းသည်။

အလားတူ သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးက ဓာတ်သတ္တုနှင့် ကျောက်မျက် ရတနာများကို အကန့်အသတ်ဖြင့် တူးဖော် ထုတ်လုပ်ခြင်းအပိုင်းတွင် ၂၀၁၆ ခုနှစ် မတ် ၁ ရက်မှစ၍ ကျောက်မျက် လုပ်ကွက်အသစ်များ ခွင့်ပြုပေးခြင်းမပြုဘဲ ရပ်ဆိုင်းထားရှိ ခြင်း၊ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များကိုလည်း ထပ်မံသက်တမ်းတိုးခွင့်မပြုဘဲ၊ လစ်လပ် လုပ်ကွက် များ အဖြစ် မှတ်တမ်း တင်ထားရှိခြင်း၊ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှစ၍ ဓာတ်သတ္တု လုပ်ကွက် အသစ်များ ခွင့်ပြုပေးခြင်းမပြုဘဲ ရပ်ဆိုင်း ထားရှိခြင်း၊ နည်းဥပဒေများ ရေးဆွဲဆောင်ရွက်ခြင်းနှင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းအပိုင်း တွင် မြန်မာ့သတ္တုတွင်းနည်းဥပဒေအသစ်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက် ဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်နိုင် ခဲ့ပါကြောင်း၊ နည်းဥပဒေအသစ်အရ ဓာတ်သတ္တုအသေးစားနဲ့ လက်လုပ်လက်စားလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ခွင့်ပြုပေးရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

လုပ်ကွက်များအား ကြီးကြပ်စစ်ဆေးဆောင်ရွက်ခြင်းအပိုင်းတွင် ၂၀၁၇ ခုနှစ် မေလမှ စတင်ပြီး ဝန်ကြီးဌာန ပူးပေါင်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (၁၂)ဖွဲ့ဖြင့် စီမံချက်ချမှတ်ပြီး စစ်ဆေးလျက်ရှိပါကြောင်း၊ ဓာတ်သတ္တု လုပ်ကွက် (၄၃၈)ကွက်ကို စစ်ဆေးနိုင်ခဲ့ပြီး လိုအပ် ချက်များ၊ အားနည်းချက် များကို ပြုပြင်ထိန်းကျောင်း တည့်မတ်ပေးနိုင်ခဲ့ပါကြောင်း။

EITI လုပ်ငန်းများ ဆောင်ရွက်ခြင်းအပိုင်းတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် EITI ဦး ဆောင်ကော်မတီကို ပြည်ထောင်စုဝန်ကြီးအပါအဝင် အဖွဲ့ဝင် (၄)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး EITI လုပ်ငန်းကော်မတီနှင့် အစိုးရ၊ ကုမ္ပဏီနှင့် အရပ် ဖက်အဖွဲ့ အစည်းများ ပါဝင်သော သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ (MSG)ကို ဖွဲ့စည်းခဲ့ပါကြောင်း။

ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး ဘုတလင်နှင့် ရေဦးမြို့ နယ်ဝန်းကျင်ဒေသများ တွင် ဘူမိဗေဒမြေပုံရေးဆွဲရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘုံဇုံဒေသတွင် ထုံးကျောက်အသေးစိတ် စမ်းသပ်တိုင်းတာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် ကျောက်မျက်ရတနာမူဝါဒ၊ အမျိုးသားသယံ ဇာတမူဝါဒရေးဆွဲခြင်း တို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း။

အမျိုးသားစီမံကိန်းရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အနေဖြင့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် သတ္တု၊ ကျောက်မျက်၊ ပုလဲကဏ္ဍတို့မှ ထုတ်လုပ်မှုတန်ဖိုး ငွေကျပ် (၅၄၁ ဒသမ ၆၂၉) ဘီလီယံ လျာထားပြီး၊ ငွေကျပ် (၇၄၁ ဒသမ ၉၇၂) ဘီလီယံ ရရှိခဲ့သဖြင့် (၁၃၆ ဒသမ ၉၉) ရာခိုင်နှုန်း အကောင် အထည်ဖော်နိုင်ခဲ့ပါကြောင်း ရှင်းလင်းသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်များနှင့် ပတ်သက်၍ ရွှေအကြွေးကျန်သည့် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များအား အရေးယူဆောင်ရွက် နေမှုအခြေအနေ၊ တော ဆင်ရိုင်းများ အသတ်ခံနေရမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု အခြေ အနေ၊ သစ်ထုတ် လုပ်မှုရပ် ဆိုင်းထားမှုနှင့် ပုဂ္ဂလိကကျွန်းစိုက်ခင်းများ တည်ထောင် ခွင့်ပြုထား သည့် အခြေအနေ၊ သစ်တောပြန် လည်တည် ထောင်ရေး ၁၀ နှစ်စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့်ပတ်သက်၍ လုပ်ဆောင် နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းကြရာ တာဝန်ရှိ သူများက ဖြေကြားကြသည်။ ဟန်မွှေး၊ လင်းနိုင်(သတင်းစဉ်) 18-5-2018(MOI)