ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများအား စစ်ဆေး (ပြည်တွင်းခရီးစဉ်သတင်း)

နေပြည်တော် ၊ ၂၃-၆-၂၀၁၈

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၃.၆.၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကိုးပင်-သာဂရလမ်း၊ မိုင်တိုင်အမှတ် ၃၅/၀ အနီး ရိုးမကြိုးပြင်ကာကွယ်တောအတွင်းရှိ (၂/ ၂၀၁၇) စီးပွားရေးကျွန်းစိုက်ခင်း (၂၅၀)ဧက စိုက်ခင်းပေါင်းရှင်းခြင်း၊ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများအားကြည့်ရှု့စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းရှင်ခြင်းအား သတ်မှတ် ချိန်အတိုင်း အကြိမ်အရေအတွက် အပြည့်အဝဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးပင်များ၏ ရှင်သန် ကြီးထွားမှုနှုန်းကို များစွာ အကျိုးထိရောက်စေကြောင်း၊ ပေါင်းရှင်းခြင်းနှင့်အတူ  ပင်ပူးခွာခြင်း၊ နွယ်ဖြတ်ခြင်း၊ ပင်ခြေပိုင်းရှိ မလိုအပ်သော အရွက်များဖယ်ရှားခြင်း နှင့် သေပင်ဖာထေးခြင်း လုပ်ငန်းကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးပင်များ၏ နှစ်အတွင်း ကြီး ထွားမှုများကိုပါ စနစ်တကျလေ့လာမှတ်တမ်းတင်ခြင်းဖြင့် အားသာချက်၊ အားနည်းချက်များ ကိုသိရှိပြီး အလားတူ စိုက်ခင်းများတည်ထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာ တွင် ပြန်လည် အသုံးချခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းသည့် သစ်တောစိုက်ခင်းများ ဖြစ်လာမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၇၃/၂) မှ (၄)မိုင်အကွာ၊ ကိုးပင်-သာဂရလမ်း မိုင်တိုင်အမှတ်(၁၀/၀)အနီး တောင်ငူ သစ်ထုတ် ရေးဒေသ၏ ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွားလုပ်ငန်းဖြစ်သော ဖိုးကျားဆင်စခန်းသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ ဖိုးကျားဆင်စခန်း နောက်ခံသမိုင်း၊ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များ၊ ခရီးသွားဧည့်သည်များအတွက် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဧည့်သည်ဝင်ရောက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းအား လူအများ သိရှိနိုင်ရန် ကြော်ငြာကဏ္ဍသည် အရေးကြီးကြောင်း၊ ယခုကဲ့သို့သော မိုးရာသီတွင် ဧည့်သည် ဝင်ရောက်မှု နည်းပါးသည်ကို တွေ့ရှိရကြောင်း၊  တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ အတွက် အထူးအစီအစဉ်များ ပြုလုပ်ပေးခြင်း၊ လူအများပါဝင်နိုင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပွဲများနှင့် ပျော်ပွဲရွှင်ပွဲများအား လက်ခံကျင်းပပေးခြင်းဖြင့် ဖိုးကျားဆင်စခန်း အကြောင်း လူသိပိုများလာပြီး ပွင့်လင်းရာသီတွင် ဧည့်သည်များ ပိုမိုလာရောက်နိုင်မည်ဖြစ် ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဖိုးကျားဆင်စခန်း အတွင်းရှိ သက်တမ်းနှစ်(၁၀၀)ကျော်ရှိ ကျွန်းပင်ကြီးများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကျွန်း ပင်ကြီးများ ရေရှည်တည်တံ့နိုင်ရေးအတွက် ပင်စည်အရင်းပိုင်းများ ကြံခိုင်ရေး၊ အမြစ်များ ကုတ်တွယ်မှုကောင်းရေးတို့အတွက် ဖြည့်စွက်ဆောင်ရွက်ပေးရန် လိုအပ်သည်များကို မှာကြား ခဲ့သည်။

          နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏ ခရိုင်၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်-တောင်တွင်းကြီးကားလမ်း မိုင်တိုင်အမှတ် ၃၉/၀ နှင့် ၄၀/၀ အကြား၊ ပလွေးကြိုးဝိုင်း၊ အကွက်အမှတ်(၅၅)အတွင်း စိုက်ပျိုးတည်ထောင်လျက်ရှိသော ၁/၂၀၁၈ စီးပွားရေးကျွန်းစိုက်ခင်း (၁၅၀)ဧက စိုက်ပျိုးတည်ထောင်နေမှုများအား ကြည့်ရှု့ စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက ငုတ်တက်ပျိုးပင်နှင့် သာမန် ပျိုးပင် စိုက်ပျိုးခြင်းတို့၏ သိပ္ပံနည်းကျ အားသာချက်/အားနည်းချက်များ၊  စိုက်ခင်းအတွင်း မြေဆီလွှာတိုက်စားမှု မဖြစ်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဝန်ထမ်းများအနေဖြင့် တိတိကျကျ လိုက်နာဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-တောင် တွင်းကြီးကားလမ်း မိုင်တိုင်အမှတ် (၃၆/၂) အနီး  ပလွေးကြိုးဝိုင်း၊ အကွက်အမှတ် (၇၆) အတွင်းရှိ ၁/၂၀၁၇ စီးပွားရေး ကျွန်းစိုက်ခင်း (၁၀၀)ဧက ပေါင်းသင်ရှင်းလင်းနေမှုများအား စစ်ဆေးကြည့်ရှု့ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် သေပင်ဖာထေးခြင်း၊ ပင်ပူးခွာခြင်း၊ ပင်ခြေပိုင်းရှိ မလိုအပ်သော အရွက်များဖယ်ရှားခြင်းနှင့် နွယ်ဖြတ်ခြင်းများအတွက် ဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ် စစ်ဆေးမှုများဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)