နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂ဝ၁၈ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၅

 ၂ဝ၁၈ခုနှစ်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်သည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ အမျိုးသား လွှတ်တော် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာပိတောက်ပင် ကိုလည်းကောင်း၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မဟော်ဂနီပင်ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တမလန်းပင်ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တမလန်းပင်ကိုလည်းကောင်း စိုက်ပျိုးပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ၂ဝ၁၈ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လှုပ်ရှားမှု မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ပျိုးပင်များကို စိုက်ပျိုးပေး ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂ဝ၁၈ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးလှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ် စိုက်ပျိုးနေမှုများကို လှည့်လည် ကြည့်ရှု အားပေးသည်။

အဆိုပါ ၂ဝ၁၈ခုနှစ်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ရေသင်းဝင်၊ မဟော်ဂနီ၊ ယင်းမာ၊ တမာ၊ ငု၊ မယ်ဇလီ၊ ပန်းမယ်ဇလီ၊ ပျဉ်းမ၊ သပြေ၊ မဏိသြဂ၊ အင်ကြင်း၊ ယမနေ၊ ယင်းတိုက်၊ ဖန်ခါး၊ စစ်၊ သစ်ဆိမ့်၊ ဖျောက်ဆိမ့်နှင့် ဆီသပြေ အပါအဝင် ပျိုးပင်စုစုပေါင်း (၃၃၃) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဖိုးဇောင်တောင်ကြိုးဝိုင်းသည် ဧရိယာ (၈၅၁၇ ဒသမ ဝ၉) ဧက ကျယ်ဝန်း၍ အကွက်ပေါင်း (၅၁)ကွက်ရှိကြောင်း၊ ကြိုးဝိုင်းအတွင်း ဘုံမဲဇာ၊ မအူလက်တံရှည်၊ သံသတ်၊ တရော၊ လယ်ဇ၊ ပိတောက်၊ ခအောင်း၊ တောမယ်ဇလီ၊ သဖန်း၊ ဖက်သန်း၊ ရုံး၊ ကြောင်လျှာ၊ သင်းဝင်၊ ဖျောက်ဆိမ့်၊ နကျယ်၊ လက်ထုတ်၊ သက်ရင်းကြီး၊ ကျွန်းဒလင်း၊ မျောက်ငို၊ ဝါးနွယ်၊ မျှင်ဝါးနှင့် ကြသောင်းဝါးတို့ ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။ ref: Myanmar President Office