ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုကို အထောက်အကူပြုနိုင်ရန် အစားထိုး စွမ်းအင် ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ဇူလိုင် ၂၀, ၂၀၁၈

သဘာဝတောများမှ သစ်တောသယံဇာတများကို ဒေသလိုအပ်ချက်အတွက် ထုတ်ယူသုံးစွဲ သည့် ဖိအားများကို လျော့ချနိုင်ပြီး ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုကို အထောက်အကူ ပြုနိုင်ရန် အစားထိုး စွမ်းအင်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် သစ်တော ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက် အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အိမ်ထောင်စုများမှ သုံးစွဲနေသော လောင်စာစွမ်းအင်(၈)မျိုး အသုံးပြုလျက်ရှိရာ ထင်းသုံးစွဲမှု(၆၉ ဒသမ ၂) ရာခိုင်နှုန်း၊ မီးသွေးနှင့်လောင်စာတောက် သုံးစွဲမှု (၁၁ ဒသမ ၈) ရာခိုင်နှုန်းရှိသည့်အတွက် ထင်း၊ မီးသွေး သုံးစွဲမှုသည် တစ်နိုင်ငံလုံး လောင်စာသုံးစွဲမှု စုစုပေါင်း၏ (၈၁) ရာခိုင်နှုန်း ရှိပြီး ပမာဏအနေဖြင့် ထင်း၊ မီးသွေး စုစုပေါင်းကုဗတန် သန်း(၂၀)ကျော် ရှိပါကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနှင့် လိုအပ်သည့် ထင်း၊ မီးသွေးများ တတ်နိုင်သမျှ ထောက်ပံ့ပေးရန်အတွက် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည်ထောင်ရန် အားပေးဆောင်ရွက်ခြင်း၊ သဘာဝ တောကျန်များ စနစ်တကျ ကာကွယ်ထိမ်းသိန်းခြင်းများ ဆောင်ရွက်လျက် ရှိသလို တဖက် တွင်လည်း ထင်း၊ မီးသွေး အသုံးပြုမှု လျော့နည်းစေရန် ထင်းအစား အခြားလောင်စာများ ပိုမိုတိုး တက်အသုံးပြုလာကြစေရေးနှင့် ထင်းကုန်သက်သာသော စွမ်းအားမြင့်မီးဖိုများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။