ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံဆွေးနွေးခြင်း

နေပြည်တော်၊ ၂-၈-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ရန်ကုန်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့်အဖွဲ့အား ယနေ့ ၂-၈-၂၀၁၈ရက်နေ့၊ (၀၈:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု ဒေသ အဆင့်လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO-RETC)ကို မှော်ဘီမြို့တွင် တည်ထောင် ဖွင့်လှစ်၍ ဒေသတွင်း သစ်တောကဏ္ဍဆိုင်ရာ လေ့ကျင့်ပညာပေးမှု ဆောင်ရွက်ချက်များ၊ သင်တန်း ကျောင်းအဆောက်အဦ ထိန်းသိမ်းမှု၊ သင်ကြားမှုဆိုင်ရာနည်းလမ်းများ၊ သစ်တောကို မှီခိုနေရသည့် ဒေသခံများ၏ ဝင်ငွေတိုးတက်ရရှိရေး သင်ကြားပေးမည့်အစီအစဉ်များ၊ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုး များလျှော့ချရေး၊ လိုက်လျောညီထွေ ဖြစ်စေရေးအတွက် ပဲရစ်သဘောတူညီချက်အရ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀) နှစ် စီမံကိန်း၊ မြန်မာရာသီဥတု ပြောင်းလဲမှုမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်၊ အမှိုက်စီမံခန့်ခွဲမှု လုပ်ငန်းများ၊ သယံဇာတစီမံခန့်ခွဲမှု လုပ်ငန်းများ စသည်တို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘွဲ့လွန်ပညာသင်တန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ စေလွှတ်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြပါသည်။ သတင်းစဉ်