သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၏ ၅-၈-၂၀၁၈ ရက်နေ့ပြည်တွင်းခရီးစဉ်သတင်း

နေပြည်တော်၊ သြဂုတ် ၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် သြဂုတ်လ ၅ ရက်နေ့၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ  တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် တာဝန်ခံများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြိုင်သာယာ အဆိုပြု ကြိုးပြင်ကာကွယ်တောအတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက စိုက်ပျိုးဆောင်ရွက်ထား ရှိသည့်  အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် စိုက်ခင်းအတွင်း တည်ဆောက်ထားသည့် နုန်းထိန်းတမံအား ကြည့်ရှုစစ်ဆေးကာ  စိုက်ခင်း တာဝန်ခံ၏ ရှင်းလင်းတင်ပြချက်များအပေါ် စိုက်ဧရိယာတစ်ခုတည်း၌ သစ်မျိုးများ ရောနှောစိုက်ပျိုး ရာတွင် အပင်သဘာဝနှင့် စိုက်ခင်းအမျိုးအစားအလိုက် စိုက်ခင်းရည်မှန်းချက် ကိုက်ညီအောင် စိုက်ပင် အကွက်ချပုံစံကို စနစ်တကျချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိုးရေချိန်နှင့် အပူချိန်ကို စနစ်တကျ မှတ်တမ်းထားရှိကာ ပြောင်းလဲလာသည့် ရာသီဥတုပေါ်မူတည်၍ စိုက်ခင်းပြုစုထိန်းသိမ်းမှုများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဤဒေသရှိ ချောင်း၊ မြောင်များသည် မိုးရွာသွန်းချိန်၌ ရေစီးသန်သည့်အတွက် နုန်းထိန်းတမံငယ်များအား ခိုင်ခန့်သေချာအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တာဝန်ရှိသူများအား မိမိ တာဝန်ယူ စီမံအုပ်ချုပ်ပိုင်ခွင့်ရှိသည့် နယ်မြေအတွင်း တရားမဝင်ကျောက်ထုတ်လုပ်မှု မရှိစေရေးနှင့် တရားမဝင်ရောက်ကျူးကျော်နေထိုင်မှုမရှိစေရေး အလေးထားကြီးကြပ် ဆောင်ရွက်ရန်တို့ကို ဆွေးနွေး မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ်၊ ရွှေနဒီပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရောက်ရှိရာ  ဆရာတော် ဦးယုဇနက ပျိုးထောင်ထားရှိသည့် ဝါးပျိုးဥယျာဉ်အတွင်း လှည့်လည်ပြသ၍ အနီးဝန်းကျင်ရှိ ဒေသခံများအား ဝါးစိုက်ပျိုးပြုစုမှုနှင့် အသုံးချ နည်းပညာပို့ချမှု၊ ဝါးစိုက်ပျိုး၍ သဘာဝဝန်းကျင်ထိန်းသိမ်းဆောင်ရွက်မှုတို့ကို ဆွေးနွေးမိန့်ကြားသည်။ ဆက်လက်၍ စေတနာမိုးဝါးကျောင်း ရှင်းလင်းဆောင်၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်၊ ပုပ္ပါးတောင်ချစ်သူများအသင်းအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင် ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ ကာပုပ္ပါးဒေသ၏ လက်ရှိတွေ့ကြုံနေရသည့် ပြဿနာနှင့် စိန်ခေါ်မှုများအား ရှင်းလင်းဆွေးနွေးပြီး၊ ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်ဝင်ငွေတိုး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် အပေါ် ချစ်ခင်မြတ်နိုးတန်းဖိုးထားတတ်စေရန် တိုးချဲ့ပညာပေးရေး အစီအစဉ်များ ပိုမိုဆောင်ရွက်ရေး၊ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းမှု လုပ်ငန်းစဉ်များမြန်ဆန်စေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြား သည်။  ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဝင်းအတွင်း အမှတ်တရ ဝါးပင်များစိုက်ပျိုး ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်ထွက်ခွာကာ ကျောက်ပန်းတောင်းမြို့နယ်၊ သံဘိုရွာ သစ်ကျေးရွာအနီး တူးဖော်တွေ့ရှိသည့် အင်းကြင်းကျောက်ကြီးအား ကြည့်ရှုစစ်ဆေးပါသည်။ အဆိုပါ အင်ကြင်းကျောက်ကြီးသည် အရှည် ၇၄ ပေ၊ လုံးပါတ် ၆ ပေ ၃ လက်မရှိပြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးဧရိယာအတွင်းရှိ သံဘိုရွာသစ်ကျေးရွာ အနောက်မြောက်ဖက် ၄ ဖာလုံခန့်အကွာ လှည်းဘီးကွဲရိုးသံချောင်းအတွင်းမှ ၂၀၁၇ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်၊ ဒေသခံများက ဒေသတွင်းဘူမိပြယုဂ်အဖြစ် ထိန်းသိမ်းထားရှိမည်ဖြစ်သည့်အတွက် ပြည်ထောင်စုဝန်ကြီးသည် အင်းကြင်း ကျောက်ကျွမ်းကျင်သူလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ပေးခဲ့ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်သာမြို့သို့ ရောက်ရှိပြီး၊ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တောင်သာ-ကျောက်ပန်းတောင်း ကားလမ်း၊ မိုင်တိုင် ၄၂၃/၇ ၏ အနောက်ဖက်၊ ကြီကုန်းကျေးရွာအနီး တည်ထောင်စိုက်ပျိုးထားသည့် ၂၀၁၈ ခုနှစ်၊ ကျေးရွာသုံးစိုက်ခင်း (၄၀)ဧကအား ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးသည် စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ပင်ရည်ငွေ့ပြန်မှု နည်းပါးစေရန် ပင်ခြေများအား ဖုံးအုပ် ထားရှိရန်၊ သေပင်များရေတွက်စာရင်းပြုစု၍ မိုးထပ်မံရွာသွန်းချိန်အမီ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် အစီအမံများ ဆောင်ရွက်ထားရှိရန်၊ ကျေးရွာသို့ စိုက်ခင်းလွှဲပြောင်း ပေးအပ်ရာ၌ သစ်မျိုးအလိုက် လိုအပ်သည့်ပြုစုထိန်းသိမ်းမှုများ ဆောင်ရွက်တတ်စေရန်နှင့် အပြောင်ရှင်း ထုတ်ယူသုံးစွဲခြင်းထက် အလှည့်ကျစနစ်ဖြင့် စဉ်ဆက်မပြတ်ထုတ်ယူ သုံးစွဲနိုင်ရေး အသိပညာ ဖြန့်ဝေပေးရန်တို့ကို ဆွေးနွေး မှာကြားသည်၊။ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီး ၃ ခုအတွင်း ကျေးရွာများ၏ ထင်း၊ တိုင်၊ မျော ဖူလုံစေရန်အတွက် ဌာနအစီအစဉ်ဖြင့် ကျေးရွာသုံးစိုက်ခင်းများ ထူထောင်ကာ စိုက်ခင်းသက်တမ်း ၅ နှစ်ပြည့်မြောက်ပါက နီးစပ်ရာကျေးရွာများသို့ လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။သတင်းစဉ်