ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဂျပန်-မြန်မာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့တက်ရောက်

နေပြည်တော် သြဂုတ် ၂၀

ဂျပန်နိုင်ငံပတ်ဝန်းကျင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MoC) လက်မှတ်ရေးထိုးပွဲနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးကို ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်နေ့က နေပြည်တော်ရှိ Part Royal Hotel တွင်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

နားလည်မှု စာချွန်လွှာ (MoC) လက်မှတ်ရေးထိုးရခြင်း၏ အဓိကရည်ရွယ်ချက်အနေဖြင့် ရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါရီသဘောတူညီချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောပါသည်။

ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Tadahiko Ito တို့က စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကိစ္စရပ်များ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေးနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်  (JCM) များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု MoC အရ လက်ရှိလုပ်ဆောင်လျက်ရှိသော လုပ်ငန်းများအပြင် နောက်ထပ် Waste management စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ထို့ပြင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု ထိန်းသိမ်းရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက် သွားရန် ရည်မှန်းထားကြောင်း၊ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မအစီအစဉ် ၂၀၁၈-၂၀၃၀ ကိုရေးဆွဲခဲ့ပြီး အတည်ပြုထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်၊ မြို့ပြနှင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်နိုင်ရေးအတွက် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မဟုတ်ဘဲ သက်ဆိုင်ရာ ဌာနအဖွဲ့များအားလုံး နှင့် ပြည်သူများပူးပေါင်း ပါဝင်လာနိုင်စေဖို့ ဂျပန်နိုင်ငံ၏ အတွေ့အကြုံ၊ ဗဟုသုတများ နှင့် ကောင်းမွန်သော အလေ့အကျင့်များ အား အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံအတွက် သင့်လျော်သော အကောင်းဆုံးနည်းလမ်းများကို ရရှိနိုင်မည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်မှ ပြောကြားပါသည်။

ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲမှ ဂျပန်နိုင်ငံ၏ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု စနစ်များမှ Recycle လုပ်ငန်းနှင့်ပတ်သက်သော မူဝါဒ ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ၊ အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် စသည့်နည်းစနစ်ကောင်းများကို ရရှိခဲ့ကြောင်း သိရှိရပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဂျပန်နိုင်ငံအခြေစိုက် IGES နှင့် UNEP တို့၏ အကူအညီ များဖြင့် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မအစီအစဉ် ၂၀၁၈-၂၀၃၀ ကို ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ JCM အစီအစဉ်အရ ဆောင်ရွက်လျက်ရှိရာ Waste to Energy စက်ရုံကို လည်ပတ်လည်ပတ်လျက်ရှိပြီး၊ ဆက်လက်၍ စွမ်းအင်ချွေတာရေးဆိုင်ရာ စီမံကိန်း(၆)ခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရပါသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အမြဲတမ်းအတွင်းအတွင်းဝန် ဦးခင်မောင်ရီ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြ ပါသည်။ သတင်းစဉ်