ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နှင့်စကုမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများအား ဆွေးနွေးပြောကြား

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁၁-၁၀-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မန်းရေနံမြေ၊ လုပ်သားအပန်းဖြေရိပ်သာတွင် မန်းရေနံမြေမှ ဝန်ထမ်းများ၊ ဒေသခံများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သစ်တော၊ သစ်ပင်များသည် လူသားများအတွက် စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတကောင်းမွန် ရေးနှင့် အပမ်းဖြေနားနေရာအဖြစ်သာမက ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရေးနှင့် ဂေဟစနစ် မျှတရေးအတွက်လည်း မရှိမဖြစ် အရေးကြီးပါကြောင်း၊ မင်းဘူးခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ၁.၁၉ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ အပူပိုင်းဒေသများ စိမ်းလန်းစိုပြည်စေရေး၊ အပူဒဏ်နှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင် ရေး၊ ရာသီဥတု ကောင်းမွန်စေရေးအတွက် နှစ်စဉ်သစ်ပင်များစိုက်ပျိုးခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ ကျေးရွာသုံး ထင်းစိုက်ခင်းများတည်ထောင်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပွင်းလင်းရာသီများတွင်ဖြစ်တတ်သော မီလောင်ကျွမ်းမှုများကြောင့် လေထုထဲသို့ မီးခိုးမြူငွေ့များအဖြစ် ပြန့်နှံ့စေပြီး လူသားများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါကြောင်း၊ မီးခိုးမြူငွေ့များ ဖြစ်ပေါ်စေတတ်သော Fire Hotspot များ လျော့နည်းစေရေးအတွက် ဌာနဆိုင်ရာ များနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သစ်တောသစ်ပင်တို့၏ တန်ဖိုးကို သိရှိနားလည်ပြီး နောင်အနာဂတ် မျိုးဆက်များအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန် သော‌ရာသီဥတုကို လက်ဆင့်ကမ်းပေးသွားနိုင်ရေးအတွက် “နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အပူပိုင်းသစ်တောထိန်းသိမ်းရေး အတွက် သစ်တောများ၏ အရေးပါမှု၊ မြန်မာနိုင်ငံအပူပိုင်းဒေသဂေဟစနစ်၊ သဲကန္တာရ၊ တောမီးနှင့် မီးခိုးမြူငွေ့ဖြစ်ပွားမှု၊ သစ်တောထိန်းသိမ်းရေးဆောင်ရွက်နေမှုများအားလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ် သက်ရောက်မှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆောင်ရွက်နေမှုနှင့် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အချက်များအား လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စကုမြို့၊ ကျွဲတဲရွာရှိ ဆုတောင်းပြည့် ထူပါရုံ စေတီတော်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး စေတီတော်ကြီး ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် စကုမြို့ရှိ အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်၍ မင်းဘူးမြို့၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ၏ ကွင်းဆင်းဆေးကုသမှုပေးနေမှုအား ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် လည်းကောင်း၊ မင်းဘူးမြို့ရှိ မင်းဘူးဦးဩဘာသမြို့တော်ခန်းမတွင် လည်းကောင်း  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည် ပေါင်းစပ် ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့ရှိ နမ္မဒါဘိုးဘွားရိပ်သာသို့သွားရောက်၍ အဘိုး အဘွားများအား ကြည့်ရှုအားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။