
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထား သော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၅,၉၆၃) ဧကရှိသော နယ်မြေကို “ကျောက်ဆည်ကန်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသ၏ သဘာဝတောကျန်များအား ထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့နည်း ကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတုသာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာ ယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန်၊ မြေဆီလွှာ တိုက်စားမှုများတားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများထိန်းသိမ်းရန် ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
ကျောက်ဆည်ကန်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက် ရောက်လျက်ရှိသော ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ကညင်၊ သစ်ယား၊ သတီ၊ ဒီဒူး၊ အင်၊ အင်ကြင်း၊ သစ်ယာ၊ ပျဉ်းကတိုး၊ တမလန်း၊ ကြက်ရိုး၊ လယ်ဇ၊ လင်းရော၊ နဘဲ၊ ဖျောက်ဆိပ်၊ ဒဟတ်၊ ထောက်ကြံ့၊ တောင်တမာ၊ တောင်သရက်၊ သစ်စေး၊ ယမနေ၊ ယင်းမာစသည့် သစ်မျိုး များအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဂျီ၊ မျောက်၊ တောဝက်၊ ဘုတ်ငှက်၊ သစ်တောက်ငှက်၊ ရစ်ငှက်၊ အောင် လောင်ငှက်စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ် ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ် ခြင်း၊ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေအောက်ရေထိန်းသိမ်း နိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။
