ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁၄) ဖွင့်ပွဲအခမ်းအနားတက်ရောက်

သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁၄) ဖွင့်ပွဲအခမ်းအနားကို ၁၉-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်း၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများ ထိန်းသိမ်းရေး၊ သစ်တောများ စီမံအုပ်ချုပ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်တာဝန်ယူရသော ဦးစီးအရာရှိများ အနေဖြင့်လည်း သစ်တောသယံဇာတများကို အကောင်းဆုံး စီမံခန့်ခွဲနိုင်စေရန်၊ လုပ်ငန်း စွမ်းဆောင် ရည်မြင့်မားစေရန်နှင့် ဌာနလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊

နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရန်နှင့် ရာသီဥတုပြောင်းလဲမှု လျော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်း စီမံကိန်းများကို အောင်မြင်အောင် အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်း‌ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ပုဂ္ဂလိကစိုက်ခင်းတည်ထောင်ခြင်းနှင့် ဒေသခံအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများနှင့်အညီ လိုက်နာစေရန် မြို့နယ်တာဝန်ခံများက အနီးကပ် ကြီးကြပ် ကွပ်ကဲသွားရန်လိုကြောင်း၊  မြန်မာနိုင်ငံရှိ ဆည်ကြီးများ၊ ရေကန်ကြီးများ၏ ရေဝေရေလဲဒေသများ စိမ်းလန်းစိုပြည်ရေး၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး၊ ဒီရေတောများ ထိန်းသိမ်းရေးနှင့် ဒီရေတောစိုက်ခင်းများ ထူထောင်ခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ပြင်ဦးလွင်ခရိုင် အထူးစိမ်းလန်းစိုပြည်ရေး လုပ်ငန်းများအား နှစ်တိုနှစ်ရှည် လျာထားချက်များ၊ စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများနှင့်အတူ တရား မဝင်သစ်ထုတ်ယူမှု ကာကွယ်တာဆီးရေးအတွက်လည်း သက်ဆိုင်ရာဌာန၊ ပြည်သူလူထုနှင့် ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊

မြို့နယ်တာဝန်ခံများအနေဖြင့် ဝန်ထမ်းကောင်းတစ်ဦး၏ လိုအပ်ချက်ဖြစ်သည့် စိတ်ဓါတ်နှင့် ခံယူချက်၊ အတွေးအခေါ်နှင့် စိတ်နေ စိတ်ထား၊ ကျင့်ဝတ်သိက္ခာတို့နှင့် ပြည့်စုံပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး၊ ဌာနအကျိုးကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်သူများဖြစ်အောင် အလေးထားကြိုးစားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

အဆိုပါသင်တန်းအား သင်တန်းသား ၂၀ ဦးဖြင့် ရက်သတ္တ ၂ ပတ် ဖွင့်လှစ် ပို့ချဆောင်ရွက် သွားမည်ဖြစ်သည်။