ယဉ်ကျေးမှုစတင်သည့် အချိန်မှစ၍ လူတို့သည့် သစ်တောသယံဇာတများကို အသုံးချခဲ့ကြပြီး လူဦးရေးနည်းပါးစဉ်ဖြစ်၍ သစ်တောထွက်ပစ္စည်းများကို လေနှင့် ရေတို့ ကဲ့သို့ သုံးမကုန်နိုင်သော သဘာဝပစ္စည်းများဟု မှတ်ယူခဲ့ကြပေမည်။ သို့ရာတွင် ယဉ်ကျေးမှု အဆင့်အတန်း တဖြည်းဖြည်း မြင့်မားလာသည့်နည်းတူ လူဦးရေမှာလည်း တိုးပွားလာသည် ဖြစ်ရာ သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲလိုမှုသည်လည်း မြင့်တက်လာခဲ့ပေသည်။ ထို့ကြောင့်ပင် သဘာဝသစ်တောကြီးများ တဖြည်းဖြည်း ပျက်စီး ပြုန်းတီးလာခဲ့ရာမှ လူသားတို့အတွက် အဓိကစားဝတ်နေရေးကို အထောက်အပံ့ အကာအကွယ် ပြုနေသည့် သစ်တောသယံဇာတများ ရှားပါးလာခြင်းနှင့်အတူ ရာသီဥတု ဖောက်ပြန်ယိုယွင်းမှု များသည် လက်ရှိ လူသားတို့အား ခြိမ်းခြောက်လာခဲ့ပေသည်။
သို့ဖြစ်ရာ ဖွံ့ဖြိုးလာသော သစ်တောသိပ္ပံပညာရပ်များဖြင့် သစ်တောသယံဇာတများ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ကမ္ဘာနှင့်အဝှမ်း နည်းလမ်းများ ရှာဖွေကြံဆလျက် လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း သစ်တောထွက်ပစ္စည်းများ တရားမဝင် ထုတ်ယူသုံးစွဲမှုများမှ ကာကွယ်ရန်အတွက် ဥပဒေများထုတ်ပြန် ပြဋ္ဌာန်းခြင်းဖြင့် လည်းကောင်း၊ ထိရောက်သော ထုတ်လုပ်အသုံးချမှု ဖွံ့ဖြိုးရေးအတွက် အုပ်ချုပ်လုပ်ကိုင်မှုမဟာဗျူဟာများ ချမှတ် ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း သစ်တောသယံဇာတများ ထိန်းသိမ်းကာကွယ်ရေးနှင့် သစ်တောများ ပြန်လည်ထူထောင်ရေးတို့ကို စီမံ ဆောင်ရွက်လျက် ရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သစ်တော ပြုန်းတီးမှုနှင့် သစ်တော အတန်းအစားကျဆင်းမှုကို တားဆီးနိုင်ရန်နှင့် သဘာဝတော များကို ကူညီအားဖြည့်ရန် တောနိမ့်တောပျက်များအား ပြန်လည် ပြုစု ပျိုးထောင်ခြင်းနှင့် ပျက်စီးပြုန်းတီးလျက် ရှိသော သစ်တောနယ်မြေများတွင် သစ်တောစိုက်ခင်း အသစ်များ တည်ထောင်ခြင်းကိုလည်း အဓိကလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် အထူး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာနိုင်ငံတွင် ၁၉၆၀ ခုနှစ်ဝန်းကျင်မှစ၍ သစ်တောစိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းများကိုစတင်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှစတင်၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးတည် ထောင်လာခဲ့ပါသည်။ နှစ်စဉ်သစ်တောစိုက်ခင်း တည်ထောင်မှုနှုန်းသည် ၃၂,၀၀၀ ဟက်တာရှိပါသည်။ စိုက်ခင်းအမျိုးအစား ၄ မျိုး တည်ထောင်ပြီး ၄င်းတို့အနက် ဒေသခံပြည်သူများအား အထောက်အပံ့ပြုသည့် စိုက်ခင်းများနှင့် ရေဝေရေလဲ စိုက်ခင်းများသည် ဒေသခံပြည်သူများ၏ ဇီဝလောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် အဆင့်အတန်း နိမ့်ကျနေသည့် ရေဝေရေလဲဧရိယာများအား ပြန်လည်တည်ထောင်ရန် ရည်ရွယ်ပါသည်။
ပူးပေါင်းပါဝင် ဆောင်ရွက်မှု ဖွံ့ဖြိုးစေခြင်း
သစ်တောစိုက်ခင်းများ တည်ထောင်ရာတွင် ပုဂ္ဂလိကပူးပေါင်းမှု တိုးတက် ပါဝင်လာစေရန်အတွက် ၂၀၀၆ ခုနှစ်မှ စတင်၍ ပုဂ္ဂလိကကျွန်းနှင့် သစ်မာစိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းများ စတင်ခဲ့ပါသည်။
ဒေသခံပြည်သူများ၏ အခြေခံ လိုအပ်ချက်များအား ဖြည့်ဆည်းရန်နှင့် အဆင့်အတန်း နိမ့်ကျနေသည့် တောများအား ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်းဖြင့် ပြန်လည်ထူထောင်ရန် ရည်ရွယ်ချက်များဖြင့် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပါသည်။ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောသည် ဒေသခံပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ခြင်းဖြင့် သစ်တောများ ပြန်လည်ထူထောင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်ပါသည်။ ဒေသခံအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများတွင် ရေဝေရေလဲဒေသ၌ အပင်များ စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံ စိုက်ပျိုးခြင်း၊ လမ်းဘေးနှင့် အဆင့်အတန်း နိမ့်ကျနေသည့်မြေများတွင် အပင်စိုက်ပျိုးခြင်းနှင့် ပြည်သူပိုင်သဘာဝတောများ ထိန်းသိမ်းခြင်း လုပ်ငန်းများလည်း ပါဝင်ပါသည်။ ဒေသခံအစုအဖွဲ့ပိုင်သစ်တောသည် ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းရန် ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်းဖြင့် သစ်တောဖွံ့ဖြိုးတိုးတက်စေမည့် ကြိုးပမ်းလုပ်ဆောင်မှု တစ်ခု ဖြစ်ပါသည်။
သဲကန္တာရဖြစ်ထွန်းမှုမှ ကာကွယ်ခြင်း
သဲကန္တာရဖြစ်ထွန်းခြင်းသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် ရင်ဆိုင်နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါသည်။ ဆိုးရွားသော ရာသီဥတု အခြေအနေရှိသည့် အပူပိုင်းဒေသတွင် သစ်ပင်များအလွန်အကျွံခုတ်ခြင်းနှင့် သဘာဝတော များ ရှင်းလင်းခြင်းသည် သဲကန္တာရဖြစ်ထွန်းမှုကို ဖြစ်ပေါ်စေပါသည်။
ထို့ကြောင့် ၁၉၉၇ ခုနှစ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့ပြီး အပူပိုင်းဒေသတွင် ပတ်ဝန်းကျင်ပြန်လည်ထိန်းသိမ်းရန်၊ သဲကန္တာရဖြစ်ထွန်းမှု တားဆီးရန်၊ ရာသီဥတုပြောင်းလဲမှု လျော့ကျရန်အတွက် အထူးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ဒီရေတောများ ကာကွယ်ထိန်းသိမ်းခြင်း
ဒီရေတောများကို မြန်မာနိုင်ငံ၏ ကမ်းခြေတစ်လျှောက်တွင်တွေ့ရပြီး အဓိကအားဖြင့် ဧရာဝတီကမ်းခြေဒေသတွင် တွေ့ရပါသည်။ သစ်တောထွက်ပစ္စည်းများ အလွန်အကျွံ အသုံးပြုမှုများကြောင့် မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်များအစောပိုင်းက ရှိခဲ့သည့် ဒီရေတော ဧရိယာစုစုပေါင်း ၃၈၆,၀၀၀ ဟက်တာမှာ ၂၀၀၂ခုနှစ်တွင် တစ်ဝက်နီးပါးခန့် လျော့နည်းသွားခဲ့ပါသည်။ ဒီရေတောများလျော့နည်းလာမှုကြောင့် ပင်လယ်ကမ်းရိုတန်း ကာကွယ်မှုဆုံးရှုံးခြင်း၊ သီးနှံထုတ်လုပ်မှုလျော့နည်းခြင်း၊ ငါး၊ ပုဇွန်လျော့နည်းခြင်းများ ဖြစ်ပေါ်လာပါသည်။ ကျန်ရှိနေ သည့် ဒီရေတောအများစုမှာ အဆင့်အတန်းကျဆင်းလာ သဖြင့် ဒီရေတောများ ပြန်လည် ပြုစုပေးရန် လိုအပ်လျှက်ရှိပါသည်။
ဌာနအနေဖြင့် ကျန်ရှိနေသည့် ဒီရေတောများတွင် ဓမ္မတာမျိုးဆက်ခြင်း ကောင်းမွန်စေရန် လုပ်ဆောင်ပေးခြင်း၊ သစ်တော လျော့နည်းသွားသည့် နေရာများနှင့် စွန့်ပစ်ထားသည့် စပါးခင်းများတွင် စိုက်ခင်းများ ပြည်လည်တည်ထောင်ပေးခြင်း၊ အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ပေးခြင်းများကို ဆောင်ရွက်လျက် ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဒီရေတောများထိန်းသိမ်းခြင်းနှင့် ပြန်လည်ပြုစု ပျိုးထောင်ခြင်း စီမံကိန်းများကိုလည်း လုပ်ဆောင်လျှက်ရှိပါသည်။
ရေဝေရေလဲဧရိယာများ ထိန်းသိမ်းခြင်း
စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုံလောက်သော ရေရရှိရန် အရေးကြီးပါသည်။ ရေစီးဆင်းမှုကို သစ်တောများမှ ထိန်းချုပ်ပေးပါသည်။ အရေးကြီးသည့် ဆည်များ၏ ရေဝေရေလဲဧရိယာများအား သစ်ပင်များစိုက်ပျိုးခြင်း၊ ဓမ္မတာ မျိုးဆက်ခြင်းများဖြင့် တိုးတက်စေပါသည်။ အရေးကြီးသည့်ဆည်များ၏ ရေဝေရေလဲ ဧရိယာများ ပြန်လည်ပြုစုခြင်းကို ၁၉၈၀ အစောပိုင်းကတည်းက စတင်ခဲ့ပါသည်။ မြေအကာ အကွယ်ပေးသည့် အပင်များအား အလွန်အကျွံဖယ်ရှားခြင်း၊ တိုတောင်းသည့် မြေအနားပေး ကာလဖြင့် ရွှေ့ပြောင်း တောင်ယာလုပ်ကိုင်ခြင်း၊ စားကျက်မြေအလွန်အကျွံချခြင်းများသည် ရေဝရေလဲ ဧရိယာများ အဆင့်အတန်းကျစေသည့် အဓိကအချက်များဖြစ်ပါသည်။
မြေမျက်နှာသွင်ပြင်အနေအထားအရ မြန်မာနိုင်ငံ၏ ရေစီးရေလာစနစ်တွင် မြောက် ဘက် မှ တောင်ဘက်သို့ စီးဆင်းနေသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ် နှင့် သံလွင်မြစ် ဟူသည့် အဓိကမြစ်ကြီး လေးခုပါဝင်သည်။ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အရေးပါဆုံး မြစ်တစ်ခုဖြစ်ပြီး ၄င်း၏ အဓိကမြစ်လက်တက်ဖြစ်သည့် ချင်းတွင်းမြစ်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြစ်ကြောင်းစနစ်တွင် ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် ဆည်နှင့် ရေလှောင်ကန်များစွာရှိပါသည်။ ထို့ကြောင့် ရေဝေရေလဲစီမံအုပ်ချုပ်မှုအား အလေးထားဆောင်ရွက်လျှက်ရှိပါသည်။
ရွှေ့ပြောင်းတောင်ယာစနစ် တည်ငြိမ်စေခြင်း
ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်းသည် သစ်တောများပျက်စီးမှုနှင့် သစ်တော အတန်းအစား ကျဆင်းခြင်းကို ဖြစ်စေပါသည်။ ရွှေ့ပြောင်းတောင်ယာသည် သစ်တောနှင့် သစ်တောပတ်ဝန်းကျင်ရှိ မြေယာမဲ့ ဆင်းရဲသားများ၏ စားဝတ်နေရေးအတွက် လုပ်ဆောင်နေသည့် လုပ်ငန်းတစ်ခုမျှသာ မဟုတ်ဘဲ မြေမျက်နှာပြင် အနေအထားအရ ထွက်ပေါ်လာသည့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်း တစ်ခု ဖြစ်ပါသည်။ ရွှေ့ပြောင်းတောင်ယာများကြောင့် ဖြစ်ပေါ်ရသည့် သစ်တောပြုန်းတီးခြင်း ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံအဆင့် ကဏ္ဍပေါင်းစုံ ပါဝင်သော ကုန်းမြင့်ဒေသများ ပြန်လည်ဖော်ယူခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။ ဤအစီအစဉ်မှာ ရိုးရာမြေအသုံးချမှုစနစ်ကို ထိန်းထားခြင်း၊ ဓလေ့ထုံးတမ်း အရ ပိုင်ဆိုင်ခွင့်များနှင့် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးများကို အားပေးအားမြှောက်ပြုသည့် အစီအစဉ်ဖြစ်ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် အခြားသော ဌာနများနှင့် ပူးပေါင်း၍လည်း အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပေသည် -
(က) အစုအဖွဲ့ပိုင်သစ်တောကို အခြေခံသော သီးနှံသစ်တောရောနှောစနစ်များ
( ခ ) ပိုမို ကောင်းမွန်သည့် နည်းပညာများ အသုံးပြုခြင်း၊ ရိုးရာဓလေ့ဆိုင်ရာ သစ်တောနှင့် ဆက်စပ်သည့် ဗဟုသုတများပေးခြင်း
( ဂ ) ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူများအား သစ်တောစိုက်ခင်း တည်ထောင်ခြင်းကဲ့သို့သော သစ်တောလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်စေခြင်း
(ဃ) ဝင်ငွေရရှိမှုအခွင့်အလမ်းများ တိုးတက်စေခြင်း
( င ) အသိပညာတိုးပွားစေရန် တိုးချဲ့ပညာပေးခြင်းအစီအစဉ်များ လုပ်ဆောင်ခြင်း