ဗဟိုကော်မတီစတုတ္တအကြိမ်အစည်းအဝေးကျင်းပခြင်း

 ဗဟိုကော်မတီစတုတ္တအကြိမ်အစည်းအဝေးကို ၁၄.၁၂.၂၀၂၃ တွင်ကျင်းပခဲ့ပြီး အောက်ဖော်ပြပါအစည်းအဝေးဆုံးဖြတ်ချက် (၁၀)ချက်ကို ချမှတ်ခဲ့ပါသည်-

(က)    ပင်လယ်ပြင်အတွင်း သဘာဝရေအောက်ရှုခင်းများနှင့် ရေနေသတ္တဝါများ ပေါကြွယ်ဝ သည့်နေရာများကို အဓိကအရေးကြီးသော Hot Spot နေရာများ သတ်မှတ်၍ လုံးဝ ငါးဖမ်းဆီးခွင့်မပြုသောနေရာများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ အဆိုပြုလာသည့် တနင်္သာရီတိုင်း ဒေသကြီးတွင်(၁၈)နေရာ၊ ဧရာဝတီ တိုင်းဒေသ ကြီးတွင် (၄) နေရာနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် (၂) နေရာ၊ စုစုပေါင်း (၂၄) နေရာအား Hot Spot/ Diving Site များအဖြစ် သတ်မှတ်ရန်၊

(ခ)     မြန်မာနိုင်ငံ “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း (Integrated Coastal Management–ICM) အစီအစဉ်” အား “ဥပဒေအရ စည်းနှောင်မှု မရှိသော ပြဋ္ဌာန်းချက်တစ်ရပ်အဖြစ် သဘောတူလက်ခံ၍ သက်ဆိုင်ရာ အဖွဲ့အစည်း များက စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်အဖြစ် အသုံးပြုခြင်း” နည်းလမ်းဖြင့် အတည်ပြုခြင်း ကိုဗဟိုကော်မတီဝင်အားလုံး၏ သဘောတူညီချက်အရ အတည်ပြုရန်နှင့် ပုံနှိပ်ဖြန့်ဝေ ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန်၊ ICM အစီအစဉ်အား ကဏ္ဍအလိုက် ရေတို၊ ရေရှည် စီမံချက်များတွင် ပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

(ဂ)      ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုလုပ်ငန်းများမှ ရေဆိုးများ၊ဆက်စပ်အမှိုက်သရိုက်များ၊ ဓာတုဓာတ်ကြွင်းများပါဝင်သည့် အမှိုက်များစွန့်ပစ်ခြင်း၊ သယ်ယူခြင်းနှင့် လိုင်စင် ထုတ်ပေးခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စဉ်ဆက်မပြတ် ကြီးကြပ် ရန်နှင့် ၎င်းပစ္စည်းများကို ရေထဲသို့ စွန့်ပစ်မှုမရှိစေရေး တားဆီးကာကွယ်ရန် လုပ်ငန်းစဉ် အဆင့်အလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ (Standard Operating Procedure - SOP) ဖော်ထုတ်တင်ပြရန်၊

(ဃ)    ကမ်းရိုးတန်းဒေသရှိ မြို့နယ်များတွင် ရေထဲသို့ အမှိုက်စွန့်ပစ်မှု ထိန်းချုပ်ရေးအတွက် လုံလောက်သည့် အမှိုက်စွန့်ပစ်မှုစနစ် (သို့မဟုတ်) စီမံအုပ်ချုပ်သည့်စနစ်များ ဖွံ့ဖြိုး စေရေးအတွက် ဟိုတယ်များ၊ စက်မှုဇုံများနှင့် မြို့နယ်များအလိုက် အမှိုက်မီးရှို့သည့် စက်များထားရှိ၍ စွန့်ပစ်အမှိုက်များကို မီးရှို့ဖျက်ဆီးသည့်စနစ်အား အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် အမှိုက်များကို ခွဲခြားစွန့်ပစ်သည့် စနစ်များဖွံ့ဖြိုးစေရေး တို့အတွက် လုပ်ငန်းစဉ်အဆင့်အလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ (Standard Operating Procedure - SOP) ထုတ်ပြန်ရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန်၊

(င)     ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်များအပေါ် သက်ဆိုင်ရာလုပ်ငန်း ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ ဆက်လက်တိုးမြှင့် ဆောင်ရွက်ရန်နှင့် ရေရှည် အကျိုးသက်ရောက်စေရေးအတွက် စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရန်၊

(စ)     ငါးသလောက် ငါးမျိုးပွားရေးနှင့် အရည်အသွေး မြင့်ထွက်ကုန်များ ရရှိရေးအတွက် ငါးမဖမ်းရ ရာသီနှင့် ငါးမဖမ်းရနေရာများ သတ်မှတ်ထားသည့် အပြင် ငါးသလောက် မဖမ်းဆီးရသည့် ရာသီအတွင်း အခြားငါးများနှင့်ရော၍ ငါးသလောက် ဖမ်းဆီးမှု မဖြစ်စေရေးအတွက် ငါးဖမ်းဆီးမည့် ပိုက်အမျိုးအစားများ ကန့်သတ်ခြင်းနှင့် မဖမ်းဆီး ရမည့် ငါးမျိုးစိတ်အရွယ်အစား သတ်မှတ်ခြင်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေး ငါးလုပ်ငန်းဦးစီး ဌာနမှ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊

(ဆ)    ကမ်းခြေဒေသများ၌ ပလတ်စတစ်ဘူးခွံများ၊ အမှိုက်များစွန့်ပစ်ခြင်းနှင့် စပ်လျဉ်း၍ အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေးအတွက် ကျေးရွာများ၊ မြို့နယ်များရှိ ပြည်သူလူထု က သဘောပေါက် နားလည်မှုဖြင့် ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး ဆောင်ရွက်နိုင်မည့် ပူးပေါင်းလုပ်ငန်းအစီအစဉ်များ ဖော်ထုတ်၍ မြှင့်တင်အကောင်အထည်ဖော်ဆောင် ရွက်ရန်၊

(ဇ)     နိုင်ငံတော်အကြီးအကဲ၏ ဒီရေတောပင်များ စိုက်ပျိုးခြင်းနှင့် စပ်လျဉ်းသည့် လမ်းညွှန် ချက်များအရ သဘာဝဘေးအန္တရာယ်များမှာ ကြိုတင်မမျှော်မှန်းနိုင်သည့်အတွက် လိုအပ် သည့်နေရာများတွင် ဒီရေတောများကို အောင်မြင်ဖြစ်ထွန်းအောင် ဆက်လက်စိုက်ပျိုး သွားရန်နှင့် တရားမဝင်သစ်၊ ထင်း၊ မီးသွေးထုတ်လုပ်မှုနှင့် ရေယာဉ်များဖြင့် တခြား နိုင်ငံသို့ တင်ပို့မှုမရှိစေရေး သက်ဆိုင်သူများ အားလုံးက ပူးပေါင်းကြီးကြပ် အရေးယူ ဆောင်ရွက်သွားရန်၊

 

(စျ)   ပင်လယ်မြက်များသည် ရှားပါးသည့် လိပ်များ၊ ရေဝက်များနှင့် ပင်လယ်ငါးများအတွက် အရေးပါသည့် ကျက်စားရာနေရာဖြစ်သောကြောင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်း ဆောင်ရွက်နိုင်ရေးအတွက် ပင်လယ်မြက်ထိန်းသိမ်းရေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ပညာပေးဆောင်ရွက်ရန်၊

(ည)    Blue Economy နှင့် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုစေမည့် လေအား လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်မှုကို အားပေးဆောင်ရွက်သွားရန်။