ဗဟိုကော်မတီတတိယအကြိမ်အစည်းအဝေးကျင်းပခြင်း

           ဗဟိုကော်မတီတတိယအကြိမ်အစည်းအဝေးကို ၃.၁၀.၂၀၂၂ တွင်ကျင်းပခဲ့ပြီး အောက်ဖော်ပြပါအစည်းအဝေးဆုံးဖြတ်ချက် (၁၁)ချက်ကို ချမှတ်ခဲ့ပါသည်-

(က)    ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံ အုပ်ချုပ်ခြင်းအစီအစဉ် (Integrated Coastal Management- ICM) အတည်ပြုမည့် နည်းလမ်းအား ICM ရေးဆွဲသည့် IUCN အဖွဲ့နှင့် ညှိနှိုင်း၍ ရွေးချယ်အတည်ပြုရန်၊

(ခ)     တူနာငါးများထိန်းသိမ်းထုတ်ယူရေး၊ ငါးသလောက် ငါးမျိုးပွားရေးနှင့် အရည်အသွေးမြင့် ထွက်ကုန်များ ရရှိရေးအတွက် သုတေသနလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ရန်နှင့် ငါးမဖမ်းရ ရာသီများအတွင်း ကြီးကြပ်စစ်ဆေးမည့် အဖွဲ့အစည်းများဖွဲ့စည်း၍ ထိထိ ရောက်ရောက် တိုးမြှင့်ကာကွယ်ထိန်းသိမ်းရန်၊

(ဂ)     ငါးဖမ်းရေယာဉ်များတွင် တပ်ဆင်အသုံး ပြုလျက်ရှိသည့် Vessel Monitoring System (VMS) စနစ်ကို Automatic Information System (AIS) စနစ်ဖြင့် တွဲဖက် အသုံးပြု နိုင်ရေးနှင့် VMS စနစ် ကို AIS စနစ်ဖြင့် တဖြည်းဖြည်း အစားထိုးအသုံးပြုနိုင်ရေး ဆက်လက် လေ့လာဆောင်ရွက်ရန်၊

(ဃ)    ငါးဖမ်းရေယာဉ်များ လိုင်စင်ခွင့်ပြုထားသည့် အရေအတွက်နှင့် Vessel Monitoring System (VMS) စနစ် တပ်ဆင်ပြီးစီးမှု အခြေအနေကို စိစစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးထံ တင်ပြရန်၊ ငါးဖမ်းရေယာဉ်များ VMSစနစ် တိုးမြှင့်တပ်ဆင်နိုင်ရေး အစီအမံများ ဖော်ထုတ်ပေးရန်နှင့် VMS တပ်ဆင်ပြီးယာဉ်များ စည်းမျဥ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရေးအတွက် ထိထိရောက်ရောက် ကြီးကြပ်ဆောင်ရွက်ရန်၊

(င)     ရန်ကုန်မြစ်အတွင်းသို့ ပင်လယ်ကူးသင်္ဘောများ ဝင်ရောက်သည့် လမ်းကြောင်းအား ကျားဖောင်များကြောင့်ပိတ်ဆို့မှုမဖြစ်စေရေးအတွက် ပင်လယ်ကူးသင်္ဘောလမ်းကြောင်း Coordinate ကို သက်ဆိုင်ရာဌာနများအကြား ကြိုတင်ညှိနှိုင်း၍ လမ်းကြောင်း ရှင်းလင်းရန်နှင့် ကျားဖောင်များ၏ ပိုက်လက်နားထိုးတွင် မီးအချက်ပြနှင့် AIS transporter များ တပ်ဆင်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊

(စ)     မြန်မာ့ပင်လယ် ရေပိုင်နက်အတွင်း ဖြတ်သန်းစဉ် နိုင်ငံခြားသင်္ဘောများ မတော်တဆ နစ်မြုပ်ခြင်း၊ သောင်တင်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်နှင့် အဏ္ဏဝါသယံဇာတများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခြင်းအပေါ် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မည့် နည်းလမ်း များနှင့် ပြန်လည်တည်ထောင်နိုင်မည့် အစီအမံများကို လုပ်ငန်းကော်မတီ အစည်းအဝေး တွင် ညှိနှိုင်းဆွေးနွေး၍ ပြန်လည်တင်ပြရန်၊

(ဆ)    ပင်လယ်ပြင်အတွင်း ဆီသယ်ဆောင်သည့် ရေယာဉ်များမှ ဆီယိုဖိတ်မှုများ၊ ကမ်းလွန် ရေနံတွင်းများနှင့် သယ်ပို့သည့် ပိုက်လမ်းကြောင်းများမှ ဆီနှင့် ဓာတ်ငွေ့ယိုစိမ့်မှုများမှ ပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာပါက ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေး အတွက် ဥပဒေ၊ နည်းဥပဒေများ ပေါ်ပေါက်လာစေရေး လုပ်ငန်းကော်မတီသို့ တင်ပြ ဆွေးနွေးရန်၊

(ဇ)     မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်လိပ်ထိန်းသိမ်းရေးစခန်းများ တိုးမြှင့် တည်ထောင်နိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းဌာနများက ညှိနှိုင်းပူးပေါင်း ဆောင် ရွက်ရန်၊

(ဈ)     သဘာဝဒီရေတောများသာမက တည်ထောင်ပြီး ဒီရေတောစိုက်ခင်းဧရိယာများကို ရေရှည်တည်တံ့စေရေး ဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းကို ဆက်လက် ဆောင်ရွက်ရန်၊

(ည)    Marine Biological Museum ကို ကော့သောင်းမြို့ကဲ့သို့ ပင်လယ်ကမ်းရိုး တန်းအခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုး သည့်မြို့များတွင်တည်ထောင်၍ ခရီးသွားပြည်သူများသို့ ပညာ ပေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရီးသွားကုမ္ပဏီများ၊ သက်ဆိုင်ရာလုပ်ငန်း ဌာနနှင့်အစိုးရ အဖွဲ့အစည်းများက Public Private Partnership အစီအစဉ်အဖြစ် ပူးပေါင်းတည်ထောင်ဆောင်ရွက်ရန်၊

(ဋ)     ကမ်းခြေများတွင်အမှိုက်စွန့်ပစ်သည့်ကိစ္စ၊ ပင်လယ်ရေကြောင်းနှင့် ကျွန်းခရီးစဉ်များ အတွင်း အမှိုက်များ ပင်လယ်ရေပြင်တွင် စွန့်ပစ်သည့်ကိစ္စများ ထိန်းချုပ်ကာကွယ် စီမံနိုင်ရေးအတွက်ကမ်းခြေများနှင့် ခရီးစဉ်များတွင် လူထုအသိပညာပေးလုပ်ငန်းများ အား တိုးမြှင့်ဆောင်ရွက်ရန်။