ဗဟိုကော်မတီပထမအကြိမ်အစည်းအဝေးကျင်းပခြင်း

          ဗဟိုကော်မတီပထမအကြိမ်အစည်းအဝေးကို ၉.၆.၂၀၂၁ တွင်ကျင်းပခဲ့ပြီး အောက်ဖော်ပြပါအစည်းအဝေးဆုံးဖြတ်ချက် (၁၁)ချက်ကို ချမှတ်ခဲ့ပါသည်-

(က)    နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ဖွဲ့စည်းရန်၊ လုပ်ငန်းတာဝန်များ အတည်ပြုရန်နှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း အမိန့် ကြော်ငြာစာ ထုတ်ပြန်ရန်၊

(ခ)     ပင်လယ်ကမ်းရိုးတန်းသယံဇာတနှင့် ဒီရေတောဝန်ဆောင်မှုများ ဆိုင်ရာ အသုံးပြုသူနှင့် ထူထောင်သူများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံ အုပ်ချုပ်ခြင်း (Integrated Coastal Resources Management-ICM) အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့ဝင် ဌာနများအားလုံးက ပူးပေါင်းဆောင်ရွက်ရန်၊

(ဂ)     ပင်လယ်ကမ်းရိုးတန်းသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူ အသုံးချနိုင်ရေး၊ ကမ်းရိုးတန်းဒေသ ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို  အဟန့် အတား ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းခြင်းနှင့် ရေရှည်စီမံအုပ်ချုပ်ခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်နှင့် လုပ်ငန်းရန်ပုံငွေများ ဦးစားပေး ခွဲဝေပေးရန်၊

(ဃ)    ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ထိန်းသိမ်းကာကွယ်ရန်နှင့် ပင်လယ်ပြင် ညစ်ညမ်း မှုများ ကာကွယ်ထိန်းချုပ်နိုင်ရန် Coast Guard ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များသတ်မှတ် ဆောင်ရွက်ရန်နှင့် ပင်လယ်ပြင်ညစ်ညမ်းမှုထိန်းချုပ်ရေး ဥပဒေ Marine Pollution Control Law အား အမြန်ဆုံးရေးဆွဲ အတည်ပြုနိုင်ရေး ဆောင်ရွက်ရန်၊

(င)     ဒီရေတောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ (အဏ္ဏဝါအမျိုးသားဥယျာဉ် - Marine National Park) တည်ထောင် ဖွဲ့စည်းခြင်း၊ ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်ဒီရေတောများ တည်ထောင် ပေးခြင်းတို့ကို စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်၊

(စ)     F18 နှင့် F19 ငါးဖမ်းကွက်များအပါအဝင် ပင်လယ်ပြင်နှင့် ဆက်စပ်ကမ်းရိုးတန်း ဒေသ များတွင် ငါးမဖမ်းရနယ်မြေ (Zero Take Zone) များ သတ်မှတ်ပေးရန်နှင့် ပင်လယ် ရေလမ်းကြောင်း အဝင်အထွက်ပိတ်ဆို့မှုမရှိစေရေး (ကျားဖောင်များကြောင့် ရေလမ်းကြောင်းပိတ်ဆို့မှု မဖြစ်စေရေး) ငါးဖမ်းနယ်မြေများ စနစ်တကျ သတ်မှတ်ပေးရန်၊

(ဆ)    အဏ္ဏဝါသယံဇာတများ ပျက်စီးပြုန်းတီးမှုကို တားဆီးကာကွယ်ရန် (ဥပမာ-ကင်းမွန် မီးထွန်းလှေများတွင် ငါးဖမ်းပိုက်အကွက်စိတ်များ အသုံးပြုခြင်းမရှိစေရေး)အတွက် ရေသယံဇာတများအပေါ် ထိခိုက်မှုမရှိစေသည့် အစားထိုးငါးဖမ်းနည်းစနစ်များ ဖွံ့ဖြိုး ရေးတိုးမြှင့်ဆောင်ရွက်ရန်၊ သတ်မှတ်ဧရိယာများတွင်သာ ငါးဖမ်းစေရေး Vessel Monitoring System-VMS စနစ် တပ်ဆင်အသုံးပြုခြင်းအား တိုးမြှင့်ဆောင်ရွက်ရန်၊ ကမ်းဝေးငါးဖမ်းလှေများတွင် ပင်လယ်လိပ်များ ဖမ်းမိပါက လွတ်မြောက်စေနိုင်သော (Turtle Excluder Devices) များ တပ်ဆင်ငါးဖမ်းနိုင်ရေး ကြီးကြပ်ကူညီပေးရန်နှင့် အဆိုပါကိစ္စရပ်များအပေါ် စောင့်ကြည့်စစ်ဆေးခြင်းများကို ထိထိရောက်ရောက် ဆောင် ရွက်ရန်၊

(ဇ)      တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင် မှုကော်မတီများအား ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန်၊

(ဈ)     တနင်္သာရီကမ်းရိုးတန်းဒေသ၏ အမည်ရှိနှင့် အမည်မရှိကျွန်းများအား ထိထိ ရောက်ရောက် ကာကွယ်ထိန်းသိမ်းစီမံအုပ်ချုပ်နိုင်ရေးအတွက် ကျွန်းများအား အမှတ်စဉ် သတ်မှတ်ဆောင်ရွက်နိုင်စေရေး တင်ပြချက်နှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီ အစည်း အဝေးများတွင် ဆွေးနွေးညှိနှိုင်း၍ ပြန်လည်တင်ပြရန်၊

(ည)    ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော တိုင်းဒေသကြီး (၄)ခုနှင့် ပြည်နယ် (၂)ခုတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ၍ ပြည်သူ လူထု၏ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်နိုးကြားလာစေရေးနှင့် ပူးပေါင်းပါဝင်မှုမြှင့်တင်ရေး ဆောင်ရွက်ရန်၊

(ဋ)      ဗဟိုကော်မတီအစည်းအဝေးကို တစ်နှစ်လျှင် (၂)ကြိမ် ပုံမှန်ကျင်းပ၍ ပင်လယ် ကမ်းရိုးတန်းသယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းများကို ကော်မတီအဖွဲ့ဝင် ဌာနများအကြား ပိုမိုပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန်။