ဗဟိုကော်မတီ (ပဉ္စမအကြိမ်) အစည်းအဝေးကျင်းပ

            နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ (ပဉ္စမအကြိမ်) အစည်းအဝေးကို ၂၄.၆.၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေ) ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ တက်ရောက်ကြပြီးသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် များက Virtual စနစ်ဖြင့် တက်ရောက်ကြပါသည်။

          ရှေ့ဦးစွာ ဗဟိုကော်မတီဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး က ယနေ့ကျင်းပသည့် “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ”၏ (ပဉ္စမအကြိမ်)အစည်းအဝေးအား ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်တိုးတက်မှုအခြေအနေများကို ကော်မတီဝင်များက တင်ပြပေးနိုင်ရန်အတွက် ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ရေရှည် တည်တံ့စေရေးနှင့် စနစ်တကျစီမံအုပ်ချုပ်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် ကျင်းပခြင်းဖြစ်ပါကြောင်း၊

         ဗဟိုကော်မတီအားအပ်နှင်းထားသည့် တာဝန် ဝတ္တရားများနှင့်အညီ ကော်မတီအစည်းအဝေးများမှာ ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကဏ္ဍများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့သည့် ရလာဒ်များအဖြစ် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံအုပ်ချုပ် လုပ်ကိုင်မှုအစီအစဉ် (Integrated Coastal Management-ICM) အပြီးသတ်ရေးသားအတည်ပြုနိုင်ခဲ့မှု၊

         မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့မှု၊

         ပင်လယ်ပြင်ညစ်ညမ်းမှုထိန်းချုပ်ရေးဥပဒေ (Marine Pollution Control Law) အားအပြီးသတ်ရေးသားနိုင်ခဲ့မှု၊

         အဏ္ဏဝါဂေဟစနစ် တန်ဖိုးမြင့်မာပြီး ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသည့် နေရာများကို ငါးမဖမ်းရနယ်မြေများ Hot Spot/ Diving Sites များ သတ်မှတ်နိုင်ခဲ့မှု၊

         ပင်လယ်ကမ်းရိုးတန်းဒေသများ ညစ်ညမ်းမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများနှင့် ပညာပေးအစီအစဉ်များ မြှင့်တင်ဆောင်ရွက်နိုင်ခဲ့မှု၊

         ပင်လယ်ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီး၊ ပြည်နယ်များမှာ ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ခြင်းအပြင် ကိုကိုးကျွန်းအပါအဝင် ကမ်းရိုးတန်းမြို့နယ် (၆၀) မှာ ဒီရေတောနှင့် အရိပ်ရပင်တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်စိုက်ပျိုးနိုင်ခဲ့မှု၊

         ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ)၏ ဦးဆောင်ကြီးကြပ်မှုနှင့် ပင်လယ်ပြင်ဥပဒေစိုးမိုးရေး မြှင့်တင်ဆောင်ရွက် နိုင်ခဲ့မှုစသော  ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့အောင် စီမံအုပ်ချုပ်ခြင်းလုပ်ငန်းများကို ကော်မတီဝင်များအားလုံး၊ လုပ်ငန်းဌာနများအားလုံးမှ တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော် ဆောင်နိုင်ခဲ့သည့် အတွက် ကော်မတီဝင်များ အားလုံးကို မှတ်တမ်းတင်ကျေးဇူးတင်ရှိပါကြောင်း၊

        ကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ လူဦးရေ တိုးပွားလာပြီး နေထိုင်မှုဘဝပုံစံများနှင့် လူနေမှုစနစ်များ တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး(Development and Conservation) တို့ကို ဟန်ချက်ညီညီစီမံခန့်ခွဲနိုင်မှသာလျှင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊

        ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရေရှည်ဖွံဖြိုးတိုးတက်ရေးပန်းတိုင်(၁၇) ရပ်ရှိရာ ပန်းတိုင် (၁၄) သည် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့်ပန်းတိုင်ဖြစ်ပါကြောင်း၊

        ကမ်းရိုးတန်းဒေသများတွင် အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် ငါးသယံဇာတများ သိသိသာသာလျော့နည်းပြုန်းတီးလာသည့်အပြင် ပင်လယ်ရေထု ညစ်ညမ်းမှုများသည်လည်း ငါးသယံဇာတနှင့် ဂေဟစနစ်များကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊

        ပင်လယ်ရေထုတွင်တွေ့ရှိရသည့်အညစ်အကြေးနှင့်စွန့်ပစ်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အဓိကအားဖြင့်ကုန်းတွင်းပိုင်းမှ စွန့်ပစ်သည့်ပစ္စည်းများဖြစ်သည်ဟုသိရှိရပါကြောင်းနှင့် ကမ်းရိုးတန်းအဏ္ဏဝါရေထုအတွင်းဆီယိုဖိတ်မှုများသည် အဏ္ဏဝါရေထုကိုခြိမ်းခြောက်လျက်ရှိပါကြောင်း၊

        ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး သင်္ဘောများတွင် တပ်ဆင် ထားသော စွမ်းအားမြှင့် အသံလှိုင်းထုတ်လွှင့်စက် များကြောင့် အသံညစ်ညမ်းမှုများသည်လည်း သတ္တဝါများအား သေစေနိုင်သည်အထိ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊

         အပြည်ပြည်ဆိုင်ရာ သဘာဝဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (International Union for the Conservation of Nature-IUCN) ၏ ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ချက်စာရင်းများအရ အဏ္ဏဝါ နို့တိုက်သတ္တဝါများ၏ ၂၅%၊ ပင်လယ်ငှက်များ၏ ၂၇% နှင့် သန္တာကျောက်တန်းများ၏ ၂၇% မှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်ပေါ်လျက်ရှိသည့်အပြင် နောင်လာမည့် ၂၁၀၀ ပြည့်နှစ်တွင် အဏ္ဏဝါမျိုးစိတ်၏ ထက်ဝက်ကျော်ခန့် မျိုးသုဉ်းပျောက်ကွယ်လိမ့်မည်ဟု ခန့်မှန်းထား ကြပါကြောင်း၊

         ထို့ကြောင့် နိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်ဝစေရန်၊ သဘာဝ အရင်းအမြစ်များ ရေရှည်တည်တံ့စေရန်၊ ပင်လယ်ရေထုညစ်ညမ်းမှုနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ကာကွယ်နိုင်စွမ်းအားများကို မြှင့်တင် နိုင်ရန်အတွက် ရေရှည်စီမံချက်များချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

        ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေးအတွက် ပင်လယ် ကမ်းရိုးတန်းသယံဇာတဘက်စုံ စီမံအုပ်ချုပ်ခြင်းအစီအစဉ် (Integrated Coastal Management – ICM) ကို သက်ဆိုင်ရာဌာနများ၊ ဆက်စပ်ပတ်သက် သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏  ပူးပေါင်းပါဝင်မှုဖြင့် ရေးဆွဲအတည်ပြုပြီးဖြစ်သောကြောင့် ကော်မတီဝင်များနှင့် လုပ်ငန်းဌာနများ က ဆောင်ရွက်လျက်ရှိသော ပင်လယ်ကမ်းရိုးတန်း သယံဇာတများ စီမံအုပ်ချုပ်ရေးဆိုင်ရာ ရေတို၊ ရေရှည်စီမံချက်၊ စီမံကိန်းများမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်သွားကြရန်မှာကြားသည်။

            ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဗဟိုကော်မတီစတုတ္ထအကြိမ်အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဗဟိုကော်မတီအဖွဲ့ဝင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံအုပ်ချုပ်ခြင်း (ICM) အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက်ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဦးမင်းနောင် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယစစ်ဦးစီးချုပ် (ရေ)၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက နိုင်ငံအဆင့်ကမ်းရိုးတန်း သယံဇာတဘက်စုံ စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်ကို ကဏ္ဍအလိုက်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့်မြို့ပြလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှု လုပ်ငန်းစဉ်အဆင့်ဆင့်လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (SOP) မူကြမ်းကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက လိုအပ်သည်များဖြည့်စွက်ဆွေးနွေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။