လုပ်ငန်းကော်မတီပထမအကြိမ်အစည်းအဝေး

လုပ်ငန်းကော်မတီအစည်းအဝေးကို ဗဟိုကော်မတီအစည်းအဝေးမကျင်းပမီ (၁) လ ကြိုတင်၍ ကျင်းပပြီး ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် တိုးတက်မှုအခြေအနေများနှင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်း အခြေအနေများကို ညှိနှိုင်းဆွေးနွေးကြပါသည်။

လုပ်ငန်းကော်မတီအား ၂၀၂၁ ခုနှစ်တွင်ပြင်ဆင်ဖွဲ့စည်းပြီးနောက် လုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးကို ၂၇-၁၂-၂၀၂၁ ရက်နေ့တွင်ကျင်းပခဲ့ပြီး အောက်ဖော်ပြပါ အစည်းအဝေး ဆုံးဖြတ်ချက်(၆)ရပ်ကိုချမှတ်ခဲ့ပါသည်-

(က)    ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း (Integrated Coastal Resources Management -ICM) အစီအစဉ် (မူကြမ်း)အား အတည်ပြုထုတ်ပြန်နိုင်ရေးလုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်ရန်၊

(ခ)     ကမ်းခြေစောင့်တပ်ဖွဲ့(Coast Guard)မှ အရာရှိ(၁)ဦး အား နိုင်ငံအဆင့် ပင်လယ် ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီတွင် ထည့်သွင်း ဖွဲ့စည်းနိုင်ရေး ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် တင်ပြရန်၊

(ဂ)     ပုဂ္ဂလိကကဏ္ဍနှင့် အဏ္ဏဝါဗေဒအထူးပြု ပညာရေး ကဏ္ဍမှ ကိုယ်စားလှယ်များကို  နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ တစ်ရပ်ရပ်တွင် ထည့်သွင်းဖွဲ့စည်းနိုင်ရေး ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေး တွင် တင်ပြရန်၊

(ဃ)    တနင်္သာရီတိုင်းဒေသကြီးမှ အမည်ရှိနှင့် အမည်မရှိကျွန်းများကို အမှတ်စဉ် သတ်မှတ် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ နည်းပညာအကြံပြုခြင်းဆိုင်ရာတင်ပြချက်နှင့် အမှတ်စဉ် (Standardization of Geographical Name) သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက် နိုင်ရေး ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် တင်ပြရန်၊ 

(င)     Marine Pollution Control Law (မူကြမ်း) အပြီးသတ် ရေးဆွဲမည့် အစီအစဉ်ကို ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် တင်ပြရန်၊

(စ)     ကိုဗစ်-၁၉ ကာလအလွန် ဖွံ့ဖြိုးရေးဆိုင်ရာ တုန့်ပြန် ဆောင်ရွက်မည့် အစီအစဉ်များတွင် Blue Economy ကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးတည်၍ ဌာနများအလိုက် စီမံချက်များ ဖော်ထုတ်ဆောင်ရွက်ရန်။