နေပြည်တော်၊ ၉-၁၀-၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကမ္ဘာ့ဘဏ်မှ Environment, Natural Resources and Blue Economy ဆိုင်ရာ မန်နေဂျာဖြစ်သူ Mr. Christophe Crepin နှင့် အဖွဲ့ဝင်(၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၉-၁၀-၂၀၁၉ ရက်နေ့၊ (၁၄:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း တို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကမ္ဘာဘဏ်နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံ အဆင့်ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်းနှင့် သစ်တောကဏ္ဍရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းအတွက် ဝန်ထမ်းများနှင့် ဝန်ဆောင်မှုပေးမည့်သူများအား စွမ်းဆောင်ရည်မြှင့်တင်ရန် အစီအစဉ်များ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ပိုမိုခိုင်မာအားကောင်းစေရေး ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ စီမံအုပ်ချုပ်ခြင်းနှင့် သစ်အခြေခံစက်မှုလုပ်ငန်းမြှင့်တင်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများ၊ ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ဆောင်ရွက်မှုအခြေအနေနှင့် ပလတ်စတစ်အမှိုက်ဆိုင်ရာလေ့လာမှုအား မြို့ကြီး ၅ မြို့တွင် ဆောင်ရွက်မည့်အခြေအနေများ၊ ပလတ်စတစ်အမှိုက်ဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ဌာနအလိုက်ဆောင်ရွက်ချက်များ၊ စိန်ခေါ်မှုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။