ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီ ၊သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအပေါ်သုံးသပ်ခြင်းနှင့် ၂၀၂၁-၂၀၂၂(၆)လဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်းများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား(၆-၁-၂၀၂၂) ရက်နေ့၊နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အဖွင့် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတော်သစ်တော ကဏ္ဍ ဖွံဖြိုးတိုးတက်ရန်၊ ပြည်သူတို့၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်နှင့် သဘာဝဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ညီညွတ်မျှတပြီး ပျက်စီးပြုန်းတီးမှု မရှိစေရန် ရည်ရွယ်ပြီး အမျိုးသား သစ်တောကဏ္ဍပင်မစီမံကိန်း၊ ခရိုင်သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းနှင့်   မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖေါ်ဆောင်ရွက် လျက်ရှိကြောင်း၊

သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရန်နှင့် သစ်တောထိန်းသိမ်းမှု အရှိန်အဟုန်မြှင့်တင်နိုင်ရန် အတွက် ၂၀၁၆ ခုနှစ်မှ စတင်၍ ကျွန်းမူရင်းဒေသ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုကို (၁၀)နှစ် ရပ်နား ခဲ့ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ကျွန်းနှင့်သစ်မာထုတ်လုပ်မှုကို နှစ်စဉ် တောထွက်၏ ၅၅ ရာခိုင်နှုန်းနှင့် ၃၃ ရာခိုင်နှုန်းထိ အသီးသီးလျှော့ချ ထုတ်လုပ်စေခဲ့ကြောင်း၊ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ ရာ ယခုအခါကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(၁၂၇၀)ခုနိုင်ငံဧရိယာ၏(၂၅.၇၂%)ကိုလည်းကောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ(၄၇)ခု နိုင်ငံဧရိယာ၏ (၆.၀၉%)ကိုလည်းကောင်း၊ သတ်မှတ် ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊

နိုင်ငံဧရိယာ၏ ၈၀% ကျော်သည် ရေဝေရေလဲဧရိယာအတွင်း ကျရောက်လျက် ရှိပါသဖြင့် ရေဝေရေလဲဒေသသစ်တောများ ထိန်းသိမ်းရေးသည်လည်း အလွန်အရေးကြီးသည့် လုပ်ငန်း တစ်ရပ်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အဓိကမြစ်ချောင်းများ၊ ဆည်တာတမံများ ၏ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် မိုးရာသီသစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်း၊ လမ်းဘေးဝဲယာသစ်ပင်စိုက်ပျိုးခြင်း၊ ဒီရေတောစိုက်ခင်းများတည်ထောင်ခြင်းနှင့် ဒီရေတောများ ကာကွယ်ထိန်းသိမ်းခြင်း၊ လုပ်ငန်းများအတွက် စနစ်တကျကြိုတင် ပြင်ဆင်သွားရန် လိုအပ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နှစ်တို၊ နှစ်ရှည်လျာထား လုပ်ငန်းများကို အောင်မြင် စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အကြီးအကဲနှင့် အထက်ဌာနအဆင့်ဆင့်များ၏ လမ်းညွှန်ချက်များ၊ တာဝန်ပေးအပ်မှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖေါ် ဆောင်ရွက်ကြရန် အထူးအလေးထားမှာကြားလိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တရားမဝင်သစ် ဖမ်းဆီးရမိမှု အများဆုံး ပထမဆု-ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆု-စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆု-ရန်ကုန်တိုင်းဒေသကြီးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ သစ်တောဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။