နေပြည်တော်၊ ၂၀၂၂ ခုနှစ် ဇွန် ၅
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဆက်စပ် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ နေပြည်တော်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆုရရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ယနေ့ကျရောက်သည့် ၂၀၂၂ ခုနှစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဖြစ်ကြောင်း၊ လူသားများအနေဖြင့် ပိုမို ရေရှည်တည်တံ့စေပြီး ပိုမိုစိမ်းလန်းစေမည့် ပတ်ဝန်းကျင်နှင့် ညီညွတ်သည့် လူနေမှုဘဝများကို ဖြစ်နိုင်သမျှ ပြောင်းလဲ ဖော်ဆောင်ကြစေရန်၊ တစ်နည်းအားဖြင့် လူသားများ ရေရှည်ရှင်သန်နိုင်ရန်အတွက် သဘာဝနှင့်ညီညွတ်မျှတစွာ နေထိုင်နိုင်ကြစေရန်၊ ပြောင်းလဲဖြစ်ပေါ်နေသည့် ကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေများကို အားလုံးသိရှိကြပြီး လိုအပ်သည့် တုံ့ပြန်မှုများကို အချိန်မီ ဆောင်ရွက်နိုင်ကြစေရန်နှင့် တစ်ခုတည်းသော ကမ္ဘာမြေကို မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းကာကွယ်ကြရန် တိုက်တွန်းနှိုးဆော်ထားခြင် းဖြစ်ကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ပြဿနာများကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ကြရန် ၁၉၇၂ ခုနှစ်က ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ပထမဆုံး ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံဖြစ်သည့် “ကုလသမဂ္ဂလူသား ပတ်ဝန်းကျင်ညီလာခံ” ကို ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင်နှစ် ၅၀ ပြည့်မြောက်သည့် ထူးခြားသောနှစ်လည်းဖြစ်ကြောင်း။
ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (United Nations Environment Programme - UNEP) က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဆဋ္ဌမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေ ဆန်းစစ်ခြင်း အစီရင်ခံစာတွင် လာမည့် ၂၀၅၀ ပြည့်နှစ်အထိ ကာလအတွင်း ကမ္ဘာ့မြို့ပြ လူဦးရေသည် ဆက်လက်တိုးမြင့်နေပြီး မြို့ပြဖြစ်ထွန်းလာမှုကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း မရှိခဲ့ပါက လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ လူဦးရေ ကြီးထွားလာမှုကြောင့် တစ်ဦးချင်းစီ ရရှိနိုင်မည့် ဂေဟစနစ်၏ ဝန်ဆောင်မှုများ လျော့နည်းလာမည် ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပတ်ဝန်းကျင် အစီအမံများကို ဂရုမပြုခဲ့ပါကသယံဇာတ အရင်းအမြစ်များ လျော့နည်းပြုန်းတီးမှု၊ ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးခြင်းများနှင့် ပိုမိုကြုံတွေ့ နိုင်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုသည် အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အဟန့်အတား စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း စသည့် တွေ့ကြုံလာရမည့် ပြဿနာများကို အလေးထား ဖြေရှင်းဆောင်ရွက်ကြရန် အရေးတကြီး လိုအပ်နေသည့်အတွက် မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက် မှုများကို တားဆီးလျှော့ချနိုင်ရန် အလေးထား ကြိုးပမ်းလုပ်ဆောင်ရမ ည်ဖြစ်ကြောင်း။
ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ရည်ရွယ်ချက်များထဲတွင် အဓိကနယ်ပယ် သုံးခုဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဂေဟစနစ် ယိုယွင်းမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာများကို ကမ္ဘာ့နိုင်ငံများအားလုံးက ဖြေရှင်းနိုင်ရန်အတွက် သင့်လျော်သည့် မူဝါဒများ ချမှတ်ဖော်ဆောင်ကြရန်နှင့် နိုင်ငံအလိုက်၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း။
လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ပြီး ရာသီဥတု၏ ဆိုးကျိုးသက်ရောက်မှု အထူးသဖြင့် မုတ်သုံရာသီတို တောင်းလာခြင်း၊ နှစ်စဉ်ပျမ်းမျှ အပူချိန် တိုးလာခြင်းနှင့် ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်ရှိ စိုက်ပျိုးမြေများတွင် ဆားငန်ရေ ဝင်ရောက် ခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်နိုင်မှု စွမ်းအားများ ကျဆင်းလာခဲ့ကြောင်း၊ ထို့ပြင် သဘာဝ ဘေးအန္တရာယ်၏ အကျိုးဆက် အနေဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် မြေဆီလွှာ ပျက်သုဉ်းခြင်းများကြောင့် စိုက်ပျိုးမြေများ လက်လွှတ် ဆုံးရှုံးရခြင်းများသည် ဒေသခံများ၏ စားဝတ်နေရေးဆိုး ကျိုးသက်ရောက်မှုများ ရှိခဲ့ပြီး နိုင်ငံ၏စီးပွားရေးကို များစွာထိခိုက်စေခဲ့ကြောင်း၊ ထို့ကြောင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကိုအကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရန် အတွက်ရေလိုအပ်ချက်နည်းသည့် သီးနှံများ၊ ရေကြီးနစ်မြုပ်မှုဒဏ်ခံ သီးနှံနှင့် ရောဂါနှင့် ပိုးမွှားဒဏ် ခံသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံနှင့်သီးနှံပုံစံများ ပြောင်းလဲ စိုက်ပျိုးခြင်း၊ ရေကိုချွေတာ သုံးစွဲနိုင်သည့် ခေတ်မီရေသွင်းစနစ်များ အသုံးပြုစိုက်ပျိုးစေခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း။
မွေးမြူရေးကဏ္ဍသည် စားနပ်ရိက္ခာ ဖူလုံရေးအတွက် အဓိက ပံ့ပိုးပေးနေပြီး စားသုံးမှုပုံစံကို ပြောင်းလဲ လုပ်ဆောင်ရာတွင် အသားစားသုံးမှု တိုးမြှင့်နိုင်ရေးအတွက် အဓိကကျသည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ တိရစ္ဆာန်များကရသည့် ဇီဝမြေဩဇာများသည် ကောင်းကျိုးများ ရရှိစေနိုင်ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းများမှ ပတ်ဝန်းကျင်အပေါ် ဖြစ်လာနိုင်သည့် ဆိုးကျိုး သက်ရောက်မှုများကို လျှော့ချပြီးကျန်းမာရေးနှင့် ညီညွတ်သည့်၊ သဘာဝနှင့် ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization - FAO) ကထုတ်ပြန်သည့် "The State of World Fisheries and Aquaculture 2020” အရ အနာဂတ်တွင် အစားအစာ ဖူလုံရေးအတွက် ငါးလုပ်ငန်းကဏ္ဍသည် အဓိကဖြစ်လာကြောင်း၊ အနာဂတ်အသက်မွေးဝမ်းကျောင်းမှုများ ခိုက်မာပြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားနပ်ရိက္ခာဖူလုံစေ ရေးအတွက် ရေချိုနှင့် အဏ္ဏဝါ သယံဇာတများကို ထိန်းသိမ်းကာကွယ်ရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ငါးသယံဇာတနှင့် ၎င်းတို့၏ ဂေဟစနစ်များ ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးအတွက် ငါးမျိုးသုဉ်းစေမည့် နည်းလမ်းများဖြင့် တရားမဝင် ဖမ်းဆီးခြင်းများကို ထိရောက်စွာတားမြစ်နိုင်ရေးနှင့် ပလတ်စတစ်အပါအဝင် စွန့်ပစ်အမှိုက်နှင့် ရေဆိုးများကြောင့် မြစ်၊ ချောင်း၊ သမုဒ္ဒရာ ညစ်ညမ်းမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများအပြင် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပြည်သူများကပါ အလေးထားပူးပေါင်း လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်ဖြင့် ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရာတွင် နိုင်ငံအတွင်း ရှိပြီးဖြစ်သည့် ရေ၊ နေနှင့် လေ စသည့် သန့်ရှင်းသော စွမ်းအင် အရင်းအမြစ်များကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိပြီး လူမှုစီးပွားဖွံ့ဖြိုးမှု အထောက်အကူဖြစ် သကဲ့သို့ ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ကို ရေရှည် အစဉ်မပြတ် ထိန်းသိမ်းနိုင်မည်ဖြစ်၍ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်ဖြင့် ထုတ်လုပ်ကြရန် တိုက်တွန်းမှာကြာလိုကြောင်း။
မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးပါဝင်ထားသည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းနှင့် ပါရီသဘောတူစာချုပ်များ၏ ပြဋ္ဌာန်းချက်များကိုလည်း အလေးထား အကောင်အထည်ဖော်လျက် ရှိကြောင်း။
မြန်မာနိုင်ငံ၏ သစ်တောဂေဟစနစ်နှင့် သယံဇာတ ထိန်းသိမ်းရေးအတွက် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းပြည့်မီရေးကို ရည်မှန်း လုပ်ဆောင်လျက်ရှိရာ ယခုအခါ သဘာဝ ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တာ ၂၅ ဒသမ ၈ ရာခိုင်နှုန်း ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သဘာဝနယ်မြေ များဖွဲ့စည်းခြင်းကို နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်း ရည်မှန်းလုပ်ဆောင်နေရာတွင် ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီး ရည်မှန်းချက်ပြည့်မီအောင် ဆက်လက် ကြိုးစားကြရမည် ဖြစ်ကြောင်း။
သဘာဝသယံဇာတ တူးဖော် ထုတ်လုပ်ခြင်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက် ရရှိစေရေးကို အထောက်အကူပြုသည်မှာ မှန်သော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း မရှိပါက သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်ပျက်ဆီးစေနိုင်သည်ကို သတိပြုကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မြေပေါ်၊ မြေအောက် သယံဇာတ ထုတ်ကုန်များအပေါ် မှီခိုသည့် စီးပွားရေးလုပ်ငန်းများကို လျှော့ချသွားရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် (Mini - Budget) နှင့် ၂၀၂၂-၂၀၁၃ ဘဏ္ဍာနှစ်များတွင်လည်း သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်း ထားသည့်အပြင် ကျောက်စိမ်း တူးဖော်ခြင်းများကို လုံးခင်း၊ ဖားကန့်နှင့် မိုးညှင်းဒေသတို့တွင် ရပ်ဆိုင်းထားပြီ းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် သဘာဝ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် ပတ်ဝန်းကျင် ရေးရာမူဝါဒ များနှင့်အညီ ထိန်းထိန်း သိမ်းသိမ်းနှင့် ရေရှည် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲသွားနိုင်ရန် အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ လေ့လာဆန်းစစ် တွေ့ရှိမှုများအရ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ ၇ သန်းခန့်သည် အသက်ဆုံးရှုံး နေကြ ရကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် စွန့်ပစ်ပစ္စည်း ပမာဏတန်ချိန် ၁၁ ဒသမ ၂ ဘီလီယံခန့် စွန့်ပစ်နေကြပြီး ယင်းအထဲမှ ပလတ်စတစ်စွန့်ပစ် ပစ္စည်းတန်ချိန် ၈ သန်းခန့်သည် နှစ်စဉ် ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ရောက်ရှိကာ ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း။
ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် လူသားများ အသုံးပြုနေသည့် ဓာတုပစ္စည်းများနှင့် ဒြပ်ပေါင်းအမျိုးအစား စုစုပေါင်း တစ်သိန်းကျော်ရှိပြီး ဓာတုပစ္စည်း အသုံးပြုမှုများကို စနစ်တကျ စီမံဆောင်ရွက်နိုင်မှုမရှိပါက ပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးကို ဆိုးရွားပြင်းထန်စေသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှု များ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြု စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။
ယနေ့ကာလတွင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည့် ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ယခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ကုလသမဂ္ဂ ပတ်ဝန်းကျင် ဆိုင်ရာ ညီလာခံဒုတိယအပိုင်း( United Nations Environment Assembly-UNEA 5-2)တွင် ဥပဒေအရ စည်းနှောင်မှုရှိသည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် ရေးဆွဲအကောင် အထည်ဖော်ရန် သဘောတူညီခဲ့ကြကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ် ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေးအတွက် ကဏ္ဍစုံပေါင်းစပ်ပြီး အစီအမံများ ချမှတ်အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ မဖြစ်မနေ အသုံးပြုရန်လိုအပ်သည့် နေရာများတွင် သာ ပလတ်စတစ်အိတ် ထုတ်ပိုးမှုနှင့် အသုံးအဆောင်များသာ သုံးစေလိုကြောင်း၊ Reuse , Reduce , Recycle ဆိုသည့် တိုက်တွန်းချက်အတိုင်း နိုင်ငံသူ နိုင်ငံသားအားလုံး လိုက်ပါ ဆောင်ရွက်သွား မည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဌာနများက အထူးအားဖြင့် တိုက်တွန်း ဆောင်ရွက်စေလိုကြောင်း။
ညစ်ညမ်းမှုများကို တားဆီးကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှုသည် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က ချမှတ် ထုတ်ပြန်ထားပြီး ဖြစ်သည့် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းများနှင့်အညီ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကို လက်တွေ့ ဆောင်ရွက်နေကြသည့် စည်ပင် သာယာရေးအဖွဲ့ အစည်းများ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများအနေဖြင့် ထိထိရောက်ရောက် အကောင်အထည် ဖော်ကြရမည်ဖြစ်ကြောင်း။
ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို တားဆီးလျှော့ချရန်နှင့် ပြန်လည်ကုစားပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်သည့်နေရာတွင် အကောင်းဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်းမှာ သဘာဝ ကိုအခြေခံသည့်ဖြေရှင်းနည်း (Nature-basedSolutions-NbS) ဖြစ်ကြောင်း၊ သဘာဝကို အခြေခံပြီး ဖြေရှင်းသည့်အတွက် အရေးကြီးသည့် ဂေဟစနစ်ဝန်ဆောင်မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေချိုရရှိနိုင်မှု၊ ပိုမိုကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ရေရှည် တည်တံ့သည့် စားနပ်ရိက္ခာဘေးကင်းလုံခြုံမှု စသည်တို့ကို ပံ့ပိုးပေးသည့်အပြင် လူသားများနှင့် သဘာဝတရားတို့အကြား သဟဇာတဖြစ်စေပြီး ရာသီဥတု ပြောင်းလဲမှုကို ပြည်သူဗဟိုပြု တုံ့ပြန် နိုင်ရေးအတွက်လည်း အားပေးလှုံ့ဆော်ရာရောက်ကြောင်း။
ယနေ့နိုင်ငံအများစု အလေးထားလာသည့် ပတ်ဝန်းကျင် အထောက်အကူပြု အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု (ဥပမာအားဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်ယူခြင်း၊ သဘာဝအခြေခံ ခရီးသွားလာခြင်း၊ လျှပ်စစ်ကားထုတ်လုပ်ခြင်း) စသည့် လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ပေးခြင်းအားဖြင့် နိုင်ငံ၏ သဘာဝအရင်းအနှီးများ ပိုမိုကောင်းမွန်လာကာ ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုနှင့် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်များကို ရရှိစေမည်ဖြစ်ပြီး ရေရှည် တည်တံ့သည့် အနာဂတ် ဖြစ်ပေါ်နိုင်မည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) မူဘောင်အတွင်းမှ နိုင်ငံတော် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံအတွင် မှီတင်းနေထိုင် ကြသူ အားလုံး၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန် ချမှတ်ထားသည့် အမျိုးသား ပတ်ဝန်းကျင် ရေးရာမူဝါဒ ရည်မှန်းချက်နှင့် အခြေခံမူများကို ထိရောက်အောင်မြင်အောင် ဖော်ဆောင် နိုင်ရန်အတွက် ကဏ္ဍအသီးသီးတွင် ရေတို/ရေရှည် စီမံချက်များဖြင့် ပေါင်းစပ် အကောင်အထည်ဖော် သွားကြရမည် ဖြစ်ကြောင်း။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်များကို ထည့်သွင်း ပေါင်းစပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်မှု၊ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရေး၊ စီးပွားရေးဖွံ့ဖြိုးရေးကို ကြိုးပမ်း ဆောင်ရွက် ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေဘဲကာဗွန်ထုတ်လုပ်မှု လျော့နည်းသည့် အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု များကို အားပေးမြှင့်တင်ရေး၊ ရာသီဥတုပြန်လည် မျှတလာစေရေးနှင့် ဂေဟစနစ်များ ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အပါအဝင် ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် နေရာတွင် မိဘပြည်သူများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ကြပြီး မိမိတို့၏ တစ်ခုတည်းသော ကမ္ဘာမြေ ရေရှည်တည်တံ့ ရှင်သန်နိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့် Video Message နှင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP) အမှုဆောင် ညွှန်ကြားရေးမှူးတို့၏ Video Message များကို ပြသသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပထမဆုရရှိသည့် ဒေါ်မိုးမိုးသွင် (ရနံ့မျိုး-ဟင်္သာတ)၊ ဒုတိယဆုရရှိသည့် ဒေါ်ငြိမ်းငြိမ်းစန္ဒာဝင်း (အမရာ)၊ တတိယဆုရရှိသည့် ဒေါ်နုနုအေး (နုနုအေး-ဇလွန်)၊ ဆောင်းပါး ပထမဆုရရှိသည့် ဦးအာကာစံ (အာကာစံ)၊ ဒုတိယဆုရရှိသည့် ဦးဇော်လွင်ဦး (ဇော်လွင်ဦး-ဟင်္သာတ)နှင့် တတိယဆု ရရှိသည့် ဦးမောင်သန်းညွန့် (စိမ်းညိုအောင်) တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများဆုရရှိသည့် ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲနိုင်ကို ဆုပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video ကို ပြသပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ် -MOI)