အိုဇုန်းလွှာအကြောင်း သိကောင်းစရာ

အိုဇုန်းလွှာအကြောင်း သိကောင်းစရာ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်ပါသည်။

အိုဇုန်းဓာတ်ငွေ့နှင့် အိုဇုန်းလွှာ

  အိုဇုန်းလွှာသည် ကမ္ဘာ့မြေမျက်နှာပြင်မှ ၆ မိုင်ခန့်အကွာရှိ ထရိုပိုစဖီးယား (Troposphere) အလွှာတွင် တည်ရှိပြီး အောက်ဆီဂျင်အက်တမ်သုံးခုဖြင့် ဖွဲ့စည်းထားပါသည်။

  အိုဇုန်းလွှာသည် နေရောင်ခြည်နှင့်အတူပါလာသည့် ခရမ်းလွန်ရောင်ခြည် (Ultraviolet) အား လူနှင့်သက်ရှိသတ္တဝါတို့အပေါ် တိုက်ရိုက်မကျရောက်စေရန် အငွေ့စစ်ကိရိယာ တစ်ခုအနေဖြင့် ကာကွယ်အကျိုးပြုလျက်ရှိပါသည်။

   အိုဇုန်းလွှာ၏ အနိမ့်ဆုံးပျမ်းမျှအထူမှာ ၂၀ ဒေါ့တ်ဆန်ယူနစ် (၂ ဒဿမ ၂ မီလီမီတာ) ဖြစ်ပြီး ၎င်းပျမ်းမျှအထူထက် လျော့နည်းလာခြင်းကို အိုဇုန်းလွှာပျက်စီးခြင်း/ အိုဇုန်းလွှာပေါက်ပြဲခြင်း (Ozone Hole) ဟု သတ်မှတ်ခေါ်ဝေါ်ပါသည်။

အိုဇုန်းလွှာပျက်စီးစေသည့်အကြောင်းများနှင့် အကျိုးသက်ရောက်မှုများ

     လူတို့အသုံးအ‌ဆောင်ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုကြသည့် ကလိုရင်း၊ ဖလိုရင်း၊ ဘရိုမင်းနှင့် ကာဗွန်ဒြပ်ပေါင်း ကလိုရိုဖလူရိုကာဗွန် (CFCs) များ ပါဝင်သော ဒြပ်ပစ္စည်းများက အိုဇုန်းလွှာ ပျက်စီးမှုကို ဖြစ်ပေါ်စေသည်။

    အိုဇုန်းလွှာပျက်စီးမှုကြောင့် အရေပြားကင်ဆာရောဂါ၊ မျက်စိတိမ်စွဲရောဂါနှင့် ကိုယ်ခံအား ကျဆင်းမှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် သီးနှံအထွက်နှုန်းကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ် ပျက်စီးမှုနှင့် ရုပ်ဝတ္ထုပစ္စည်း ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်စေပါသည်။

    အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းအများစုသည် ကမ္ဘာ့ပူနွေးမှုညွှန်းကိန်း (Global Warming Potential-GWP) မြင့်မားကြပြီး အင်အားကြီးသော မှန်လုံအိမ်အာနိသင်ဓာတ်ငွေ့ (GHGs) များဖြစ်ကြသောကြောင့် ယင်းဒြပ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုသည် ရာသီဥတု ပြောင်းလဲမှု ဖြစ်စေသည့် အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။

အိုဇုန်းလွှာပျက်စီးမှုထိန်းချုပ်ခြင်း ဆောင်ရွက်ချက်များ

   အိုဇုန်းလွှာပျက်စီးခြင်းကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ အိုဇုန်းလွှာပျက်စီး စေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို ၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင်လည်းကောင်း အတည်ပြုချုပ်ဆိုခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ အားလုံးပူးပေါင်းပါဝင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့

    မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သော စက်တင်ဘာလ ၁၆ ရက်နေ့ကို "ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့"အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

    မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းဖြစ်သည့် ကလိုရိုဖလူရိုကာဗွန် (CFCs) ထုတ်လုပ် အသုံးပြုမှုကို ၂၀၁၀ ခုနှစ်ကပင် ရပ်ဆိုင်းခဲ့ပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) များ အသုံးပြုမှုကို ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ်ရပ်ဆိုင်းနိုင်ရန် ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက် ကန့်သတ်ပမာဏအတိုင်း ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုလျက်ရှိသည်။

   မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ (၂၈)ကြိမ်မြောက် အစည်းအဝေးတွင် ကီဂါလီပြင်ဆင်ချက်ကို ချမှတ်ခဲ့ကြပြီး HFCs များ ထုတ်လုပ်သုံးစွဲမှုကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၂၀၁၉ ခုနှစ်နှင့်၂၀၂၀ ခုနှစ်တို့မှစ၍လည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၂၉ ခုနှစ်မှစ၍လည်းကောင်း လျှော့ချခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ထိန်းချုပ်ခြင်း နှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းကိုပါ တစ်ကမ္ဘာလုံး၏ ပူးပေါင်းမှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။