မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်၊ မုတ္တမပင်လယ်ကွေ့၊ ကပ္ပလီပင်လယ်တို့နှင့် ထိစပ်လျက် ကမ်းရိုးတန်းအရှည် ၂၈၃၀ ကီလိုမီတာကျော်ရှိပြီး တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ဒီရေတောများ ပေါက်ရောက်ရှင်သန်လျက်ရှိပါ သည်။ Forest Resource Assessment (FRA-2020)အရ မြန်မာနိုင်ငံ၌ ဒီရေတော ဧရိယာစုစုပေါင်း ဧက တစ်သန်းကျော်ရှိသဖြင့် ကမ္ဘာပေါ်တွင် သတ္တမမြောက်နှင့် အရှေ့တောင်အာရှတွင် တတိယမြောက် ဒီရေတော အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပါသည်။
ဒီရေတောဂေဟစနစ်များကို ရေရှည်အသုံးပြုနိုင်ရန် သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်း၊ ဒီရေတောဂေဟစနစ်များ ပြန်လည် တည်ထောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ မြန်မာ့ကမ်းရိုးတန်းဒေသများတွင် သဘာဝ ထိန်းသိမ်းရေးနယ်မြေ (၅)ခု၊ ဧရိယာ ဧကတစ်သိန်းနှစ်သောင်းနီးပါး၊ ဒီရေတောကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော (၄၁)ခု၊ ဧရိယာ ဧကခုနစ်သိန်းတစ်သောင်းကျော်ကို သတ်မှတ်ဖွဲ့စည်းတည်ထောင် ထားရှိပြီး ဖြစ်ပါသည်။
မြန်မာ့ဒီရေတောများ ပြန်လည်ပြုစု စိုက်ပျိုးခြင်းလုပ်ငန်းများကို ၁၉၈၁ ခုနှစ်မှစတင်၍ အစဉ်တစိုက်အလေးထားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း (Myanmar Reforestation Rehabilitation Programme - MRRP) အစီအစဉ်ဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ မိုးရာသီအထိ ဒီရေတောစိုက်ခင်း ၂၀,၃၄၀ ဧက (အပင် ၂၄ သန်းကျော်) တည်ထောင်ထားရှိပြီး ၂၀၂၄ ခုနှစ်၊ မိုးရာသီမှစတင်၍ ဒီရေတောပင် ၁၁ သန်းကျော်ကို ဆက်လက် စိုက်ပျိုးတည်ထောင်သွားမည် ဖြစ်ပါသည်။
ဒီရေတောများသည် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးရေလျှံမှုနှင့် ရေလွှမ်းမိုးမှု ဒဏ်မှကာကွယ်ပေးခြင်း၊ မြေဆီလွှာတိုက်စားမှုနှင့်ကမ်းပါးပြိုမှုတို့ကို ကာကွယ်ပေးခြင်း၊ ပင်လယ်ဆားငန်ရေမဝင်ရောက်အောင် တားဆီးပေးခြင်းတို့အပြင် ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေနေဇီဝ မျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ဖွားကျက်စားနိုင်ခြင်းတို့ကြောင့် ကမ်းရိုးတန်းဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ စားရေရိက္ခာကြွယ်ဝပြည့်စုံရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါသည့်ကမ်းရိုးတန်းဂေဟစနစ်များဖြစ်သဖြင့် သားစဉ်မြေးဆက် ရေရှည်အသုံးပြုနိုင်ရန် ဒီရေတောများအား ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းကာကွယ်ထိန်းသိမ်း စိုက်ပျိုးသွားနိုင်ရေး တိုက်တွန်း နှိုးဆော်အပ်ပါသည်။