သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization - AFoCO)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFOCO Model Forest Project)" ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ (၄)နှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုကို အထောက်အကူပြုစေရေးနှင့် သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေးအတွက် မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) သင်တန်းတက်ရောက်လျက်ရှိသော တောခေါင်းအဆင့်သင်တန်းသား (၁၀၆)ဦးအား စံပြသစ်တောတည်ထောင်ခြင်း၏ သဘောတရားများ၊ စံသတ်မှတ်ချက်များနှင့် သဘာဝမြေဩဇာပြုလုပ်ခြင်း လုပ်ငန်းများကို သင်ကြားပို့ချခြင်းနှင့် မြန်မာနိုင်ငံသစ်တောကျောင်းသို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်း၊ မြန်မာနိုင်ငံသစ်တောကျောင်းမှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်၊ သင်တန်းဆရာများ၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနမှ ဝန်ထမ်းများနှင့် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇)မှ သင်တန်းသား (၁၀၆)ဦး ပါဝင်တက်ရောက်လျက် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများ၏ လေ့ကျင့်သင်ကြားရေးသစ်တော ဧက(၅၀၀) အတွင်း သဘာဝမြေဩဇာလက်တွေ့ပြုလုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။