နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၄၅၁) ဦး တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှုများ၏ အဓိကအကြောင်းအရင်းများသည် တောတောင်များကို အမှီပြု၍ ရွှေ့ပြောင်း တောင်ယာများ ခုတ်ထွင်မီးရှို့ခြင်း၊ အမဲလိုက်ရာတွင် မီးကိုပေါ့ဆစွာအသုံးပြုခြင်း၊ စိုက်ပျိုးရေး ရိုးပြတ်များအား မီးရှို့ခြင်း၊ စိုက်ပျိုးမြေပြုပြင်ရန်အတွက် မီးရှို့ခြင်း၊ စွန့်ပစ်အမှိုက်များ မီးရှို့ခြင်း တို့ကြောင့်ဖြစ်ကြောင်း၊ ညစ်ညမ်းသောလေထုကို ကြာရှည်စွာရှုရှိုက်မိပါက အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ၊ နှလုံးနှင့် အဆုတ်ရောဂါများ ဖြစ်ပွားစေသည့်အတွက် မီးခိုးမြူငွေ့ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှု Fire Hotspot များမဖြစ်ပေါ်စေရန်နှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဒေသခံများပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များကို အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အထူးအရေးပါသည့်အတွက် ဌာနနှင့် အဖွဲ့အစည်း များက ဒေသခံပြည်သူများအား လေထုညစ်ညမ်းမှုနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို အောက်ခြေအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ် ဖြစ်စေရန်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လေထု ညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုများ၊ မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်း အကြောင်းအရင်းများနှင့် မီးလောင်ကျွမ်းမှုအရေအတွက်၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်မှု အခြေအနေနှင့် ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရွှေ့ပြောင်းတောင်ယာအစား ကုန်းမြင့်လယ်ယာစိုက်ပျိုးမှုကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ အောက်ခြေအထိကွင်းဆင်း၍ ဒေသခံများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း များအားအသုံးပြု၍ သဘာဝဓာတ်မြေဩဇာ၊ ဇီဝလောင်စာ၊ ဇီဝဓာတ်ငွေ့စသည်ဖြင့် ပြန်လည် အသုံးချနိုင်ရေး ဆောင်ရွက်သွားရန်၊ နယ်စပ်ဒေသနေ ပြည်သူများ၏ ယာမီးရှို့မှုစနစ် ပပျောက် စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် သက်ဆိုင်ရာဌာန များနှင့် ဒေသခံများပူးပေါင်း ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက တောမီးနှင့် မီးလောင်ကျွမ်းမှုများ လျှော့ချရေး၊ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲရေး၊ ဒေသခံများအား အသိပညာပေးရေး၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ဒေသခံများပူးပေါင်းဆောင်ရွက်ရေးကိစ္စများအား ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းပျိုးဥယျာဉ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပျိုးဥယျာဉ်အတွင်း လူထုဖြန့်စိုက်ပျိုးခြင်း၊ ရေဝေရေလဲ စိုက်ပျိုးခြင်း၊ သစ်ပင်စိုက်ပွဲများ အတွက် ပျိုးပင်(၁)သိန်းကျော် ပျိုးထောင်ထားရှိမှုနှင့် မဲခေါင်-လန်ချန်း အထူးစီမံကိန်းဖြင့် ဒေသ မျိုးရင်းဆေးဖက်ဝင်အပင်များ၊ သစ်ခွမျိုးများအား သုတေသနဆောင်ရွက်နေသည့် အခြေအနေများ ကိုကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့၊ ပြည်နယ်သစ်တောဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းရုံးများသို့ လှည့်လည်ကြည့်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။