သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသရှိ ခရိုင်များအတွင်း တစ်ရွာ(၂) ဧက ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၁၈-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ တောင်ကန်ကြီးကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက တည်ထောင်မည့် မြေနေရာပြုပြင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် တွေ့ဆုံသည်။ ဆက်လက်၍ ပြည်‌ထောင်စုဝန်ကြီးသည် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပေါက်ပင်အိုင့်ကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီအကြို ဘက်စုံသုံးတစ်ရွာ(၂) ဧကစိုက်ပျိုးထားရှိမှုနှင့် ကျေးရွာစာကြည့်တိုက်အားလည်းကောင်း၊ ရေငံကျေးရွာ ၂၀၂၄ မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက တည်ထောင်မည့် မြေနေရာ ပြုပြင်ဆောင်ရွက် ထားမှုအခြေအနေအားလည်းကောင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ နတ်ပလင်ကျေးရွာရှိ ၂၀၂၄ မိုးရာသီအကြို ဘက်စုံသုံး တစ်ရွာ (၂) ဧက စိုက်ပျိုးထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် သစ်တောသစ်ပင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ပညာပေးဟောပြောဆွေးနွေးပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကျေးရွာလူထုနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် အပူပိုင်းဒေသများအတွင်း သစ်ပင်များစိုက်ပျိုးခြင်းနှင့် သဘာဝ တောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို နှစ်စဉ်အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၄ ခုနှစ် မိုးရာသီတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧက (၂၂,၀၀၀) ကျော်တွင် အပင်ပေါင်း (၂၂.၃) သန်းကျော် စိုက်ပျိုးသွားမှာ ဖြစ်ကြောင်း၊ အပူပိုင်းဇုံဒေသများဖြစ်သည့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁၃) ခုတွင် အထူးစီမံချက်ဖြင့် တစ်ရွာ (၂) ဧက ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်‌ပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးမည့် သစ်မျိုးများကိုလည်း ဒေသမျိုးရင်းသစ်မျိုးနှင့် အရိပ်ရလေကာသစ်မျိုး ပျိုးပင်သက်တမ်း (၂) နှစ် အထက်ပျိုးပင်အမြင့် (၂) ပေ အထက်အပင်များကို တစ်ပင်စိုက် တစ်ပင်ရှင်အောင် တစ်ရွာလျှင် ဝန်ထမ်းတစ်ဦး သတ်မှတ်တာဝန်ပေးပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ဒေသခံကျေးရွာလူထု ကလည်း မိမိတို့ရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ အပူပိုင်းဇုံတွင် ကျရောက်သောဒေသများတွင် နှစ်စဉ်မိုးရေချိန် လက်မ ၄၀ အောက်သာ ရရှိ၍ ခြောက်သွေ့ကာလ ကြာရှည်ပြီး အပူချိန်မြင့်မားသည့်ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ဌာနက ကျေးရွာများအတွက် တည်ထောင်ပေးသော စိုက်ခင်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်း စောင့်ရှောက်ခြင်း၊ ကျေးရွာပတ်ဝန်းကျင်ရှိ သဘာဝတောကျန်များအား ထိန်းသိမ်းကာကွယ်ခြင်းဖြင့် စိမ်းလန်းသောပတ်ဝန်းကျင်ကို ရရှိစေရုံသာမက မြေတိုက်စားမှုကို ကာကွယ်ခြင်း၊ ရေအရင်းအမြစ်များကို ထိန်းသိမ်းပေးနိုင်ခြင်း၊ ရေကြီးရေလျှံမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ရာသီဥတုကို မျှတစေပြီး အပူရှိန်ကိုလည်း လျှော့ချစေနိုင်မည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မှာ ဖြစ်ကြောင်း၊ သစ်တောသစ်ပင်များသည် လူသားများအတွက် အကျိုးပြုသည့်အပြင် မိမိတို့၏ သားစဉ်မြေးဆက်အတွက် ကောင်းမွန်သောပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းအမွေပေးနိုင်သည့်အတွက် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်းဦးမြို့နယ်ရှိ နဘူးတောပျိုးဥယျာဉ် အတွင်း သစ်မျိုး (၁၆) မျိုးဖြင့် ပျိုးပင် (၆၇,၀၀၀) ကျော် ပျိုးထောင်ထားရှိအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ညောင်ဦးမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် အပူပိုင်းဇုံ ခရိုင် (၁၃) ခုအတွင်း တစ်ရွာ (၂) ဧက ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်း တည်ထောင်မည့် အစီအမံများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအဆင့်အလိုက် အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ရန်နှင့် တစ်ရွာ (၂) ဧက စိုက်ခင်း တည်ထောင်ခြင်းအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ ရွှေပုံတောင်ပျိုးဥယျာဉ်အတွင်း သစ်မျိုး (၃၂) မျိုးဖြင့် ပျိုးပင် တစ်သိန်းကျော် ပျိုးထောင် ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ချောက်မြို့နယ် ကိုင်းထောက်ကန်ကျေးရွာ (၁/၂၀၂၄) ကျေးရွာထင်းစိုက်ခင်း(၂၀)ဧက စိုက်ပျိုးမည့်နေရာ မြေပြုပြင်ဆောင်ရွက်နေမှု အခြေအနေအားလည်းကောင်း၊ ကိုင်းထောက်ကန်ကျေးရွာ ၂၀၂၄ ခုနှစ်မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက စိုက်ပျိုးရန် မြေပြုပြင်ဆောင်ရွက်နေမှုအား လည်းကောင်း၊ ၂၀၂၃ မိုးရာသီအထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း အပင် (၃,၀၀၀) ၏ ရှင်သန်အောင်မြင်မှု အခြေအနေ အားလည်းကောင်း၊ ကိုင်းထောက်ကန်ကျေးရွာ ၂၀၂၄ မိုးရာသီ ဘက်စုံသုံးစိုက်ခင်း တစ်ရွာ(၂)ဧက စိုက်ပျိုးရန် မြေပြုပြင်ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထု နှင့်တွေ့ဆုံ၍ စွမ်းအားမြှင့်မီးဖိုနှင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ စာအုပ် များပေးအပ်ပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်ရှိ ယာကြီးပြင်ကျေးရွာ ၂၀၂၄ မိုးရာသီအကြို ကျေးရွာထင်းစိုက်ခင်း တစ်ရွာ(၂)ဧက စိုက်ပျိုးထားရှိမှုအားလည်းကောင်း၊ ဂျုတ်ပင်ကျေးရွာ ၂၀၂၄ မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ(၂) ဧက စိုက်ပျိုးရန် မြေပြုပြင်ဆောင် ရွက်ထားရှိမှုအားလည်းကောင်း၊ မကွေးမြို့နယ်ရှိ အင်တိုင်းကြီးရွာ ၂၀၂၄ မိုးရာသီ ဘက်စုံသုံးစိုက်ခင်း တစ်ရွာ (၂)ဧကစိုက်ပျိုးရန် မြေပြုပြင်ဆောင်ရွက်ထားမှုနှင့် ကျေးရွာစာကြည့်တိုက်အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့်တွေ့ဆုံ၍ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ၊ သစ်တော စိုက်ခင်းတည်ထောင်ခြင်းနှင့် သစ်တောသစ်ပင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။