အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်

   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ၁၀-၆-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊  တာဝန်ရှိ သူများ၊ CPU အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၀၀) ဦး တက်ရောက်ကြသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယခုကဲ့သို့ အဂတိလိုက်ကစားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများအား လက်ခံကျင်းပခြင်းအားဖြင့် ဝန်ကြီးဌာနရှိ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာ နိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တနှင့် ကိုယ်ရည် ကိုယ်သွေးများ ကျဆင်းပျက်စီးစေပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့အပြင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုအဟန့်အတားဖြစ်စေပြီး၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျကာ အကျိုးဆက် အနေဖြင့် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ပျက်စီးစေနိုင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု တာဝန်ခံမှုရှိရန်၊ ပွင့်လင်း မြင်သာစွာဖြင့် အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်သွားရန် လိုကြောင်း၊

   ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေး လုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း/အမှုထမ်းများ အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အသိအမြင်၊ ဗဟုသုတများကို မိမိ ပတ်ဝန်းကျင်၊ အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးပြီး ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊

   ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များဖွဲ့စည်းပြီး အဂတိလိုက်စားမှုများလျော့နည်း ပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ CPU အဖွဲ့များအနေဖြင့် လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှုလျော့နည်းရေး၊ ဌာနဆိုင်ရာများ၏ ဝန်ဆောင်မှုများကို လူထုထံသို့ ပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးရေးနှင့် အဂတိလိုက်စားမှုများ လျော့နည်း ပပျောက်စေရေးလုပ်ငန်းစဉ်များအား အထူးအလေးထား စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

   ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ခံယူလျက် စုံစမ်းစစ်ဆေးရေး၊ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး လုပ်ငန်းများကို တစ်ပြိုင်တည်းစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်များကို  အကောင်အထည်ဖော်ရာတွင် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့ အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေး၊ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကိုလည်း ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် မိမိကိုယ်ကျိုးကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အများပြည်သူ အကျိုးစီးပွား ဆောင်ရွက် ရန်အတွက် ခန့်အပ်ထားသည့် ဝန်ထမ်းများအနေဖြင့် ပြည်သူ့အကျိုးကိုသာ ရှေ့ရှုဆောင်ရွက် ခြင်းဖြင့် အဂတိတရား ကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းကောင်းများ၏ အင်အား၊ ဉာဏ်ပညာ၊ ကြိုးစားအားထုတ်မှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

   ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက စုံစမ်းစစ်ဆေးရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေး ဌာနခွဲ မှညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဥပဒေရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ဖြူပွင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

   ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး ခေါင်းဆောင်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။