သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများစစ်ဆေး

          အပူပိုင်းဒေသတွင်ပါဝင်သော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃ ခရိုင်တွင် စိမ်းလန်းစိုပြည်ရေး၊ ပူပြင်းသည့်ရာသီဥတုဒဏ် သက်သာစေရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေး၊ ကျေးရွာများတွင် တစ်ရွာ ၂ ဧကစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်သွားရန်နှင့် မကွေး-ရေနံချောင်း-ချောက်-ညောင်ဦး-ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မိတ္ထီလာ-ကျောက်ပန်းတောင်း-မကွေး ကားလမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးသည်။
 
          ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး ယူကလစ်၊ ကုက္ကို တစ်အုပ်တစ်မစိုက်ခင်း အပင် ၁,၀၀၀ စိုက်ပျိုးထားမှု အခြေအနေအားလည်းကောင်း၊ တမာ၊ ကုက္ကို၊ မယ်ဇလီ တစ်အုပ်တစ်မစိုက်ခင်း အပင် ၁,၅၀၀ စိုက်ပျိုးထားမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသ ကားလမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်လာစေရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူဖြစ်စေရန်၊ ဒေသခံနှင့်ခရီးသွားပြည်သူများ အရိပ်ခိုနားနေနိုင်ရန်၊ သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေးကို အထောက်အကူဖြစ်စေရန်နှင့် သစ်ပင်သစ်တောများ ဖြစ်ထွန်းလာမှုကြောင့် ရာသီဥတုမျှတကောင်းမွန်စေရန်ရည်ရွယ်၍ ယခုကဲသို့ ကားလမ်းဘေးဝဲ/ယာ သစ်ပင်စိုက်ပျိုးခြင်းအား အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ အပူပိုင်းဒေသများတွင် တစ်ရွာ ၂ ဧက စိုက်ခင်း နှင့် ဘက်စုံသုံး စိုက်ခင်းများတည်ထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်း၊ အထူးစိမ်းစိုက်ခင်းနှင့် ရေဝေရေလဲဒေသ စိုက်ခင်းတည်ထောင်ခြင်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက် အမြဲတမ်းပျိုးဥယာဉ်အတွင်း သစ်မျိုး ၂၂ မျိုးဖြင့် ပျိုးပင် ၉၀,၀၀၀ ကျော်ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး သက်တမ်း ၂ နှစ်အထက် ၂ ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေး၊ သစ်ပင်စိုက်ပွဲတော်များနှင့် လူထုဖြန့်ဝေစိုက်ပျိုးရေးများ အတွက် ပျိုးပင်များလုံလောက်စွာ ပံ့ပိုးပေးနိုင်ရေး နှင့် သစ်ပင်စိုက်ပျိုးခြင်းအား မိုးအမီစိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားသည်။
 
          နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ချောက်-ဂွေးချို ကားလမ်းဘေးဝဲ/ယာ ၂၀၂၄ ခုနှစ် မိုးရာသီ တမာ၊ ယူကလစ် တစ်အုပ်တစ်မစိုက်ခင်း အပင် ၁,၇၀၀ စိုက်ပျိုးထားမှုနှင့် ကားလမ်းဘေးဝဲ/ယာ ပေ ၂၀ ပန္နက်ဖြင့် သုံးပင်တန်း (ဝက်ခေါင်းထိုးစနစ်-Zigzag) စိုက်ပျိုးထားမှု အခြေအနေအားလည်းကောင်း၊  ဂွေးချို-ရေနံချောင်း ကားလမ်းမဘေးဝဲ/ယာ ၂၀၂၄ ခုနှစ် မိုးရာသီ ဖျောက်ဆိပ်၊ တမာ၊ ယူကလစ် တစ်အုပ်တစ်မစိုက်ခင်းများ စိုက်ပျိုးထားမှုနှင့် လမ်းဘေးဝဲ/ယာ ပေ ၂၀ ပန္နက်ဖြင့် သုံးပင်တန်း Zigzag စိုက်ပျိုးနေမှု အခြေအနေအားလည်းကောင်း၊ ရေနံချောင်းမြို့နယ်ရှိ မကွေး-ရေနံချောင်းကားလမ်းဘေးဝဲ/ယာ တမာ၊ ယူကလစ် အပင် ၂၀၀၀ အား သုံးပင်တန်းဖြင့်  စိုက်ပျိုးထားမှုအခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
 
          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေနံချောင်းမြို့နယ်ရှိ နတ်ကန်ဦးကြိုးပြင်ကာကွယ်တောရှိ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း Greening Complex Zone ဧရိယာအတွင်း စိုက်ပျိုးထားသော စိုက်ခင်းများ၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး နှစ်အလိုက် စိုက်ပျိုးခဲ့သော သစ်မျိုး၊ မြေအတန်းအစား၊ ရေလိုအပ်ချက်နှင့် စိုက်ပျိုးနည်းစနစ်များအခြေခံ၍ အခြားဧရိယာများတွင်လည်း အောင်မြင်အောင် ဆောင်ရွက်သွားရန်၊ အပူပိုင်းဒေသများတွင် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေပြီး အများပြည်သူအပမ်းဖြေစရာ သဘာဝပတ်ဝန်းကျင်ကောင်းများ ရရှိစေနိုင်ရေး ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားသည်။
 
          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေနံချောင်းမြို့နယ်၊ ယင်းမချောင်း ကြိုးပြင်ကာကွယ်တောအတွင်းရှိ ၁/၂၀၂၄ ကျေးရွာထင်းစိုက်ခင်း ၂၀ ဧကအားလည်းကောင်း၊ ၂၀၂၄ ခုနှစ် မိုးရာသီ အထူးစိမ်း တစ်အုပ်တစ်မ စိုက်ခင်း အပင် ၃၀၀၀ အားလည်းကောင်း၊ ယင်းမချောင်းကျေးရွာ၂၀၂၄ ခုနှစ် တစ်ရွာ ၂ ဧက စိုက်ခင်းအားလည်းကောင်း၊ အုတ်လှကျေးရွာ ၂၀၂၄ ခုနှစ် တစ်ရွာ ၂ ဧက ဘက်စုံသုံးစိုက်ခင်းအားလည်းကောင်း၊ မကွေးမြို့နယ်ရှိ မကွေး-ရေနံချောင်းကားလမ်းဝဲ/ယာ တမာ၊ ယူကလစ် အပင် ၁၅၀၀ အား ပေ ၂၀ ပန္နက်ဖြင့် သုံးပင်တန်း Zigzag စိုက်ပျိုးထားမှုနှင့် မကွေး-ကံပြားကားလမ်းဘေး တမာ တစ်အုပ်တစ်မ စိုက်ပျိုးထားမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
 
          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ မိုးရာသီတွင်  အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း တစ်ရွာ ၂ ဧက စိုက်ခင်းတည်ထောင်ခြင်း အပင် ၂ သန်း၊ ကားလမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးစိုက်ပျိုးခြင်း အပင် ၂၆,၅၀၀ နှင့် ရေဝေရေလဲ၊ ကျေးရွာထင်းစိုက်ခင်း၊ အထူးစိမ်းစိုက်ခင်းနှင့် တောင်တန်းစိုက်ခင်းအတွက် အပင် ၅ သန်း၊ စုစုပေါင်း အပင် ၇ သန်းကျော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်သည်။