မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကျင်းပ

          ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ၁၅-၆-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အသီးသီးကျင်းပခဲ့ကြပါသည်။

          မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ယန္တရား)ဝင်းအတွင်း၌ ကျင်းပပြုလုပ်သော သစ်ပင်စိုက်ပျိုးပွဲသို့ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တိုင်း/ခရိုင်/မြို့နယ်ဝန်ထမ်းများ စုစုပေါင်း အင်အား (၇၀၀) ဦး တက်ရောက်ကြပြီး ကျွန်း၊ မယ်ဇယ်၊ သင်္ဘောတည်၊ တပေဘူတ၊ ပိတောက်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ကုက္ကို၊ မယ်ဇလီ၊ တမာ၊ ယင်းမာ၊ မန်ကျည်း၊ ခရေ စသည့် သစ်မျိုး (၁၃) မျိုး၊ စုစုပေါင်း (၅၅၂) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့၊ ခဲပေါင်တံတားအဆင်း၊ တောချောင်းအုပ်စု၊ ရှမ်းစုကျေးရွာတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဌာနဆိုင်ရာ အရာထမ်းအမှုထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ကံ့ကော်၊ မဟော်ဂနီ စုစုပေါင်းအပင် (၃၀၀) ကို စိုက်ပျိုးခဲ့ကြပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ခရိုင်သစ်တောဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့ ပူးပေါင်းကျင်းပသော မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ ဒုတိယပါမောက္ခ၊ ခရိုင်နှင့်မြို့နယ် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း (၃၅၀) ဦး တက်ရောက်ကြပြီး ကျွန်း၊ ခရေ၊ စိန်ပန်းပြာ၊ ကံ့ကော်၊ ပိတောက်၊ မဟော်ဂနီ၊ စိန်ပန်းနီ၊ ရေတမာ၊ အာဆီယံသပြေ၊ ကုက္ကို၊ ယင်းမာ၊ မန်ဂျန်ရှား စုစုပေါင်းပျိုးပင် (၆၀၀) ပင် စိုက်ပျိုးခဲ့ကြပါသည်။

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးလမ်း (Service track) တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ ရေဖြူမြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်အရာရှိများ၊ PTTEP International Limited မှ Site Manager Mr.Pricha Chitta၊ Safety Supervisor Mr.Pongsak နှင့် ဝန်ထမ်းများ၊ ရတနာလူမှုစီးပွားစီမံကိန်းမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ဒေသမျိုးရင်းသစ်မျိုးများ၊ ပျဉ်းကတိုး၊ ဥပန်းကရား (ဖွတ်မတက်)၊ တောင်ကံ့ကော်၊ သင်္ကန်း၊ သပြေ၊ ကညင်၊ သစ်ရှို စသည့် အပင်စုစုပေါင်း (၅၄၀) ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။