ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၄ ခုနှစ် “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အခမ်းအနားနှင့် အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်

          ၂၀၂၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ယနေ့တွင်ကျရောက်သော “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သင်ကြားရေးဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မကွေးဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်းအင်အား (၇၅၀) ဦး တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မ‌ကွေးဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် သင်ကြားရေးဆေးရုံ ဆေးရုံအုပ်ကြီးထံ ပျိုးပင်များပေးအပ်ပြီး သတ်မှတ်နေရာများတွင် တမာပင်များအား စိုက်ပျိုးပေးသည်။ ထို့နောက် တက်ရောက်လာသူများ၏ တပျော်တပါးသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။ ယခုသစ်ပင်စိုက်ပျိုးပွဲတွင် တမာနှင့်ခရေ ပျိုးပင် (၇၅၀) ပင်အား လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

          ဆက်လက်၍ “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့” အခမ်းအနားအား မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်‌ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံစုစုပေါင်းဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော အလယ်ပိုင်း အပူပိုင်းဒေသသည် ပထဝီဝင်အခြေအနေအရ ရခိုင်ရိုးမနှင့် ရှမ်းရိုးမ တောင်စဉ်တောင်တန်းများအကြား တည်ရှိနေပြီး သဘာဝအားဖြင့် မိုးကွယ်အရပ်ဖြစ်၍ နှစ်စဉ်မိုးရွာသွန်းမှုသည် နိုင်ငံ၏ အခြားဧရိယာများနှင့် နှိုင်းယှဉ်လျှင် သိသာစွာလျော့နည်းရရှိပြီး ဒေသတစ်ခုလုံး၏ နှစ်စဉ်ပျမ်းမျှမိုးရေချိန်သည် လက်မ ၄၀ အောက်သာ ရရှိကြောင်း၊ အပူပိုင်းဒေသ၏ ပြင်းထန်သောရာသီဥတုကြောင့် အပေါ်ယံမြေဆီလွှာတိုက်စားခံရပြီး မြေဆီလွှာနည်းပါးလာခြင်းကြောင့် မြေအတန်းအစားကျဆင်းကာ သီးနှံအထွက်နှုန်းလည်း လျော့နည်းလာပါကြောင်း၊ လက်ရှိရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲအကျိုးဆက်များကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ သဘာဝကိုအခြေခံသောနည်းလမ်းတစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းသာဖြစ်ကြောင်း၊ အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း စိမ်းလန်းစိုပြည်လာစေရေးအတွက် စိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းခြင်း၊ တစ်ရွာ ၂ ဧက စိုက်ခင်းများတည်ထောင်ခြင်း၊ လမ်းဘေးဝဲ/ယာ သစ်ပင်များစိုက်ပျိုးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် သစ်ပင်ပေါင်း ၇ သန်းကျော် စိုက်ပျိုးပေးသွားမှာဖြစ်ကြောင်း၊ အပူပိုင်းဒေသ ပြန်လည်စိမ်းလန်းစိုပြည်လာစေရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံပြည်သူတို့က ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းပါဝင်ပေးရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသအတွင်းပါဝင်ပြီး သစ်တောဖုံးလွှမ်းမှုသည် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ၃.၄ ရာခိုင်နှုန်း လျော့နည်းခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ပြီး ထင်းလောင်စာလိုအပ်ချက်အတွက် သဘာဝတောအား မှီခိုနေရသည်ကို တွေ့ရှိရကြောင်း၊ သဘာဝတောအား မှီခိုနေရမှုကို လျှော့ချနိုင်ရန်အတွက် ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်း၊ ထင်းအစားထိုး အခြားလောင်စာသုံးစွဲရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်လာစေရေးအတွက် တစ်ရွာ ၂ ဧက စိုက်ပျိုးခြင်း၊ ကားလမ်းဘေးဝဲ/ယာ စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များထိန်းသိမ်းခြင်းနှင့် စိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းစဉ်များတွင် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စိမ်းလန်းစိုပြည်၍ သန့်ရှင်းသောပတ်ဝန်းကျင်၊ ကောင်းမွန်သောရာသီဥတုကို မိမိတို့၏ သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားသည်။

          ထို့နောက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အထိမ်းအမှတ်နေ့ဆောင်းပါး တက္ကသိုလ်အဆင့် ဆုရရှိသူများနှင့်၊ စာစီစာကုံး အခြေခံပညာအထက်တန်းအဆင့် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ပြသထားသော အထိမ်းအမှတ်ပိုစတာများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးဝဲ/ယာ မန်ကျည်း၊ တမာ၊ ပိတောက်၊ ကုက္ကို၊ ယူကလစ်၊ ဖျောက်ဆိပ် တစ်အုပ်တစ်မစိုက်ခင်းများ အပင် ၁၂,၂၀၀ စိုက်ပျိုးထားမှုနှင့် စိုက်ပျိုးရန်မြေပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သစ်ပင်စိုက်ပျိုးခြင်းအား အချိန်မီပြီးစီးအောင် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ်ရှိ မြကန်စိမ်းလန်းသာယာလှပရေးနှင့် မြကန်၏ရေဝေရေလဲဖြစ်သော တုရင်တောင်စိမ်းလန်းစိုပြည်ရေးအတွက် တုရင်တောင်တွင် ကွန်တိုအလိုက် မြေကျင်းတူး၊ မြေပြုပြင် စိုက်ပျိုးဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။