AFoCO RETC သင်တန်းကျောင်းတွင် သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိုးချဲ့ပညာပေးခြင်းဆောင်ရွက်

မျိုးဆက်သစ်လူငယ်များအား ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတွင် သစ်တောများ၏ အရေးကြီးသည့်အခန်းကဏ္ဍကို နားလည်စေရန်၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွေးအမြင်များကို မြှင့်တင်ရန်နှင့် AFoCO RETC ကို လေ့လာစေပြီး၊ နိုင်ငံတကာနှင့် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို သိရှိစေရန် ရည်ရွယ်၍ ‘သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိုးချဲ့ပညာပေးခြင်း (eco-school)’ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမ အကြိမ်အဖြစ် AFoCO RETC သင်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၊ နံနက် ၉:၀၀ နာရီမှ နေ့လယ် ၁၂:၃၀ နာရီအထိ ကျင်းပခဲ့ပါသည်။

အဆိုပါ Eco-school အစီအစဉ်သို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ မင်္ဂလာဒုံ မြို့နယ်မှ ကျောင်းသူ/သား (၉၀)ဦးတက်ရောက်ခဲ့ပြီး ကျောင်းသူ/သားများအား သစ်တောနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောခြင်း၊ RETC သင်တန်းကျောင်း၊ ပညာပေးပြခန်း၊ လေ့ကျင့်ရေး သစ်တောနှင့်သစ်တောပျိုးဥယျာဉ်တို့အား လေ့လာစေခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းနည်းလမ်းများ ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် လေ့လာခဲ့သည့်အကြောင်းအရာများကို အုပ်စုဖွဲ့၍ယှဉ်ပြိုင်ဖြေဆိုစေခြင်းများဆောင်ရွက်လျက် ဆုလက်ဆောင်ချီးမြှင့်ကာ တက်ရောက်သူ ကျောင်းသူ/ကျောင်းသားတစ်ဦးချင်းစီအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ယခုအစီအစဉ်ကိုကျင်းပနိုင်ခဲ့ခြင်းဖြင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် သစ်တောများ၏ အကျိုးကျေးဇူး၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေး လုပ်ငန်းစဉ်များတွင် မိမိတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများသိရှိခြင်း၊ လူငယ်များနားလည်လွယ်စေမည့် ရုပ်ပုံများ၊ video clip များဖြင့် ဟောပြောဆွေးနွေးခဲ့သောကြောင့် လွယ်ကူမှတ်မိစေလျက် သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးစိတ်ဓာတ်များ နိုးကြားလာစေပြီး သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကို အထောက်အကူဖြစ်စေနိုင်မည့် အကျိုးကျေးဇူးများရရှိခဲ့ပါသည်။