ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၆-၆-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဟန်ချက်ညီဆောင်ရွက်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမှာဖြစ်ကြောင်း၊

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်​ဆောင်ရွက်ရာတွင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများသည် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊

ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်းသတ်မှတ်ရေးနှင့်စပ်လျဉ်း၍ အမျိုးသားစံချိန်စံညွှန်း ကောင်စီမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် သတ်မှတ်အတည်ပြုခဲ့ပြီးဖြစ်၍ စံချိန်စံညွှန်းပါ သတ်မှတ် ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

ပတ်ဝန်းကျင် စီမံခန့်ခွဲမှုလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်သွားနိုင်ရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများ၏ ဦးဆောင်မှု၊ လမ်းညွှန်မှုတို့ဖြင့် ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပလတ်စတစ်စွန့်ပစ်အမှိုက်များသည် ပင်လယ်ပြင်ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသကဲ့သို့ လူမှုရေးနှင့်ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးဖြစ်ပေါ်စေသည့်အတွက် အားလုံးအတူတကွ စုပေါင်းဖြေရှင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊

ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဆက်စပ်ဌာန၊ အဖွဲ့အစည်း များက မြို့နယ်အဆင့်အထိ အဆင့်ဆင့် အစီအမံများချမှတ်၍ ပြည်သူလူထု ပူးပေါင်း ပါဝင်မှုဖြင့် အဏ္ဏဝါအမှိုက်သရိုက် စစ်တမ်းကောက်ယူခြင်း၊ မြို့ပြနှင့်ကမ်းခြေဒေသများတွင် ပလတ်စတစ် သုံးစွဲမှုဆိုးကျိုးများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှု လျော့ကျစေရေးတို့ ကို ရေရှည်အစီအမံများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊

တောမီးလောင်ကျွမ်းခြင်းနဲ့ အကြောင်းအမျိုးမျိုး ကြောင့်လောင်ကျွမ်းသည့် အခြားမီးတို့မှ ဖြစ်ပေါ်လာ​သောနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချနိုင်ရေးအတွက် ရေးဆွဲပြီးဖြစ်သည့်လုပ်ငန်းစီမံချက်များကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ သက်ဆိုင်ရာဌာနများအနေဖြင့် အရှိန်အဟုန်မြှင့်​ ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊

ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိလာနိုင်စေ​ရေးအတွက် ထိရောက်အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော်သွားနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

 ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းသူက ဆွေးနွေးတင်ပြပြီး၊ အတွင်းရေးမှုးနှင့်တာဝန်ရှိသူများက ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုအခြေအနေနှင့် စက်မှု၊ မြို့ပြနှင့်ကျေးလက်ဒေသ ပတ်ဝန်ကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသူများက ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်များချမှတ်ကြသည်။ ယင်းနောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့သည်။