ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ ဒီရေတော ကြိုးပြင်ကာကွယ်တောများအား ကြည့်ရှုစစ်ဆေး

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၃၀-၆-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်း တိုးချဲ့ဖွဲ့စည်းထားသော ရွှေပြည်အေးချမ်းဘို့ ဒီရေတော ကြိုးပြင်ကာကွယ်တောအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းထားသော ဒီရေတော ကြိုးပြင်ကာကွယ်တောများ၊ ဆက်လက်တိုးချဲဖွဲ့စည်းရန် ရည်ရွယ်ထားသော အဆိုပြုကြိုးပြင်ကာကွယ်တောများနှင့် စိုက်ပျိုးတည်ထောင်လျက်ရှိသော ဒီရေတောစိုက်ခင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ဒီရေတောဧရိယာ ၁.၁ သန်းကျော်ရှိပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက်၊ အရှေ့တောင်အာရှတွင် တတိယမြောက် ဒီရေတောအများဆုံး ပိုင်ဆိုင်သောနိုင်ငံဖြစ်ကြောင်း၊ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသများတွင် သဘာဝ ဒီရေတောများထိန်းသိမ်းရေးနှင့် ဒီရေတောစိုက်ခင်းများ တည်ထောင်ရေး လွန်စွာအရေးကြီးပါကြောင်း၊ ဒီရေတောများသည် ပင်လယ်ပြင်မှ ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ် ကာကွယ်ပေးနိုင်သည့်အပြင် လယ်ယာမြေများအတွင်း ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုကိုလည်း တာဆီးပေးသည့်အတွက် သီးနှံများပျက်စီးဆုံးရှုံးမှု အန္တရာယ်ကိုလည်း ကာကွယ်ပေးကြောင်း၊ ဒီရေတောများသည် ငါး၊ ပုဇွန်နှင့် အခြားသောရေနေသတ္တဝါများ ရှင်သန်ပေါက်ဖွားရာအရင်းအမြစ်ဖြစ်သဖြင့် ဒေသခံပြည်သူများအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိစေမှာဖြစ်ကြောင်း၊ ဒီရေတောဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့အပြင် ဒီရေတောများ၏ အရေးပါပုံနှင့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများသိရှိရန်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လာစေရန်အတွက် အသိပညာပေးဟောပြောပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

         သစ်တောဦးစီးဌာနအနေဖြင့်  ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုမှ ကာကွယ်ပေးနိုင်ရန်၊ ဒီရေတောကို အမှီပြုနေသော ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစိမ်းရောင်တံတိုင်း - Green Belt အဖြစ် ဒီရေတောကြိုးပြင်ကာကွယ်တော ၇ ခု၊ ၂၃၈၅၅ ဧက ဖွဲ့စည်းတည်ထောင်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဒီရေတော ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၄၄ ခု၊ ၇၁၇,၂၃၈ ဧက ဖွဲ့စည်ထားပြီးဖြစ်ပါသည်။