စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ညန်ချီမြို့သို့ထွက်ခွာ

                ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ညန်ချီမြို့တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံ၊ ရှီးကျန်းဒေသ၏ ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖိုရမ် (4th China Xizang Trans-Himalaya Forum for International Cooperation) သို့ တက်ရောက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁-၇-၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ညန်ချီမြို့သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

                ယခုကျင်းပမည့်ဖိုရမ်အား ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစသည့် ကဏ္ဍ (၃) ခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၃၀၀ ဦး တက်ရောက်ကြမည်ဖြစ်သည်။