စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဖိုရမ်ကြိုဆိုမိတ်ဆက် ညစာစားပွဲအခမ်းအနားသို့တက်ရောက်

   စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံ ရှီကျန်းဒေသ၏ ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများ အကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (4th China Xizang Trans-Himalaya Forum for International Cooperation) သို့ တက်ရောက်ရန် ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၃ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဖိုရမ်ကျင်းပရာ ရှီကျန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ညန်ချီမြို့နှင့် လူလန်မြို့သို့ ရောက်ရှိရာ ညန်ချီမြို့ Chinese People’s Political Consultative Conference (CPPCC) ၏ Vice President  Mr. Zhu Zhenghui က လာရောက်ကြိုဆိုသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဖိုရမ်တက်ရောက်လာသော နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးသည်။

   ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူလန်မြို့တွင်ကျင်းပသော ဖိုရမ်ကြိုဆိုမိတ်ဆက် ညစာစားပွဲအခမ်းအနားသို့ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်သည်။ အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ၊ ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အတွင်းရေးမှူး Mr. Wang Junzheng နှင့် Vice President  Mr. Zhu Zhenghui တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားပြီး တက်ရောက်လာသောနိုင်ငံများမှ ကိုယ်စားလှယ်များက ချစ်ကြည်ရင်းနှီးစွာ မိတ်ဆက်နှုတ်ဆက်ကြသည်။

   ဇူလိုင်လ ၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လာဆာမြို့သို့ ရောက်ရှိခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး Ms. Nie Xunli  က လာဆာဂွန်ဂါလေဆိပ် (Lhasa Gongga Airport) တွင် လာရောက်ကြိုဆိုခဲ့ပြီး လေဆိပ်ဧည့်ခန်းမတွင် နှစ်နိုင်ငံ အကြား သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာဆာမြို့၊ လေဟာပြင်ကဇာတ်ရုံတွင် တိဗက်ရိုးရာယဉ်ကျေးမှု  Princess Wencheng Opera ကို ကြည့်ရှု အားပေးခဲ့သည်။

   ဇူလိုင်လ ၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်များနှင့် ရေခဲမြစ်များကြား အမြင့် ၃၇၀၀ မီတာတွင် ကျယ်ပြန့်စွာ တည်ရှိနေသော တိဗက်ရိုးရာ ကုန်းမြေမြင့် တောင်ပေါ် မြက်ခင်းနှင့် စားကျက်မြေများ ထိန်းသိမ်းထားရှိမှုအခြေအနေများအား လည်းကောင်း၊ ဒေသခံ တိဗက်တိုင်းရင်းသားများ၏ လူနေမှုဘဝနှင့် ရိုးရာယဉ်ကျေးမှုများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း  သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

   ယခုဖိုရမ်ကျင်းပရာ လူလန်မြို့သည် တိဗက်ဘာသာစကားဖြင့် “နဂါးချိုင့်ဝှမ်း” ဟု အဓိပ္ပါယ်ရပြီး သဘာဝအလှများ ပေါကြွယ်ဝကာ ရေခဲတောင်များ၊ ချိုင့်ဝှမ်းများ၊ ရေတံခွန်များ၊ ရာသီအလိုက်ဖူးပွင့်သည့် ပန်းမန်များကြောင့် ဒဏ္ဍာရီလာ ဆန်းကျယ်သောနေရာ (Fairyland) ဟုလည်း တင်စားခေါ်ဝေါ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ အလှဆုံးမြို့အဖြစ် Chinese National Geography မှ အသိအမှတ်ပြုထားသည့် မြို့တစ်မြို့ဖြစ်ကြောင်းသိရသည်။