စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီးကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nyingchi မြို့တွင် ကျင်းပပြုလုပ်သော ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၆-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြိုဆိုကြသည်။

          ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့သို့ ရောက်ရှိရာ ဆစ်ဆောင်ပါးနား အပူပိုင်း ရုက္ခဗေဒဥယျာဉ် (Xishuangbanna Tropical Botanical Garden-XTBG)  ညွှန်ကြားရေးမှူးချုပ် Prof. Dr. Yang Yongping ၊ ကူမင်းရုက္ခဗေဒဥယျာဉ် (Kunming Institute of Botany-KIB) Prof. Dr. Yang Xuefei နှင့် မြန်မာကျောင်းသားများက လာရောက်ကြိုဆိုခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးအတွက် ပညာသင်ဆုများ တိုးမြှင့် ပေးအပ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

          ယနေ့ ၆-၇-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကူမင်းရုက္ခဗေဒဥယျာဉ် (Kunming Institute of Botany -KIB) သို့ သွားရောက်လေ့လာခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. Wu Jianqiang နှင့် Prof. Dr. Yang Xuefei တို့က ဥယျာဉ်အတွင်း အပင်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းထားမှုနှင့် အပင်မျိုးစိတ် အသစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်မှု အခြေအနေများ၊ ကမ္ဘာ့နေရာဒေသ အသီးသီးမှ အပင် မျိုးစိတ်များကို နေရင်းဒေသပြင်ပတွင် ထိန်းသိမ်းပြသဆောင်ရွက်ထားမှု၊ သုတေသန၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အများပြည်သူ အပန်းဖြေနားနေနိုင်စေရန် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုက္ခဗေဒဥယျာဉ်အတွင်း စိုက်ပျိုးထိန်းသိမ်းထားသော အပင်မျိုးစိတ်အမျိုးမျိုးနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အသိပညာပေးပြခန်းတွင် ပြသထားသော ပြကွက်များအား လှည့်လည်ကြည့်ရှု လေ့လာသည်။ အဆိုပါ ရုက္ခဗေဒဥယျာဉ်ကို ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်း ၄၄ ဟက်တာကျော်ရှိကာ အပင်မျိုးစိတ် စုစုပေါင်း ၈,၈၄၀ ကျော်ကို ထိန်းသိမ်းထားကြောင်းနှင့် နှစ်စဉ် ဧည့်သည် ၇၀၀,၀၀၀ ကျော် လာရောက် ကြည့်ရှုလေ့လာလျက်ရှိသည်။

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် တရုတ် အကယ်ဒမီသိပ္ပံ (Chinese Academy of Sciences-CAS) ၏ သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဌာနခွဲများဖြစ်သော ကူမင်းရုက္ခဗေဒဥယျာဉ် (KIB)၊ ကူမင်းသတ္တဗေဒဌာန (Kunming Institute of Zoology)နှင့် ဆစ်ဆောင်ပါးနား အပူပိုင်းရုက္ခဗေဒဥယျာဉ် (XTBG) တို့သည် ၂၀၁၆ ခုနှစ်ကစတင်၍ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ သုတေသန ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ၅ နှစ်သက်တမ်းရှိ နားလည်မှု စာချွန်လွှာအား ထပ်မံလက်မှတ်ရေးထိုးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။