၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ၉-၇-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန် နှင့် ဌာနအကြီးအကဲများ၊ ဂုဏ်ထူးရ ထူးချွန်ကျောင်းသား/ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် ထူးချွန်သော လူငယ်များစွာ ပေါ်ထွန်း လာရေးရည်ရွယ်၍ ယခုကဲသို့ ထူးချွန်စွာအောင်မြင်ခဲ့မှု၊ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်တိုးတက်မြင့်မားရေး အမျိုးသားရေးမျှော်မှန်းချက် ချမှတ်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုကို ခေတ်နှင့်လျော်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘက်စုံထူးချွန်ထက်မြတ်ပြီး အရည်အသွေး မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် စီမံဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသားလူငယ်များအနေဖြင့် ဘဝတက်လမ်းများ ပွင့်လင်းစေပြီး ပညာဗဟုသုတများ ရှာဖွေဆည်းပူးနိုင်မည့် အခွင့်အလမ်းများစွာ ရရှိနေပြီဖြစ်ကြောင်း၊

ယခုအောင်မြင်မှုများကို အခြေခံပြီး အရည်အသွေးမြင့်မားသည့် ပညာရပ်များကို ဆက်လက် ကြိုးစားသင်ယူဆည်းပူးသွားကြရန်နှင့် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပညာဖြင့်သိမြင်ပြီး အမှားအမှန် ချင့်ချိန်ခွဲခြားအသုံးချတတ်ရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်က အားကိုးအားထားပြုရသည့် သားကောင်း ရတနာ၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘာသာစုံဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးများနှင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုဆုနှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ဆုရ‌ကျောင်းသား/ကျောင်းသူများကိုယ်စား ၆ ဘာသာဂုဏ်ထူးရှင် မမေသံသာဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆုရကျောင်းသား/ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ ကျောင်းသား/ကျောင်းသူများ၊ မိဘများနှင့်အတူ နံနက်စာ အတူတကွ သုံးဆောင်သည်။ ယင်းနောက် ဆုရကျောင်းသား/သူများနှင့် မိဘများသည် နေပြည်တော်ရှိ ကျောက်မျက်ပြတိုက်အား ကြည့်ရှုလေ့လာပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၆ ဘာသာ ဂုဏ်ထူးရှင် ၇ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၉ ဦး၊  ၂ ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၃၀ ဦး အပါအဝင် စုစုပေါင်း အောင်မြင်သူ ၂၁၆ ဦး ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၇၃ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်သော မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတို့၏ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ပုလဲဖေါ်ယူခြင်းမှရရှိသော ပုလဲလုံးရေ စုစုပေါင်း ၁၄၉,၄၅၅ လုံး အချိုးကျခွဲဝေ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။