သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ၁၂-၇-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ် ၁၆ အတွင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း အင်အား ၇၅၀ ဦး တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ပျဉ်းကတိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် သစ်ပင်များအား သတ်မှတ်နေရာများတွင် ဆက်လက်စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှု အားပေးသည်။ ယခု သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်း၊ မ‌ဟော်ဂနီ၊ ယမနေ သစ်မျိုးများဖြင့် ပျိုးပင် ၁၅၀၀ ပင်အား လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးကြသည်။

သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းသည် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်လာစေပြီး ရာသီဥတု မျှတသာယာခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုနှင့် အကျိုးကျေးဇူးများစွာ ရရှိစေသည့်အတွက် သစ်တောသယံဇာတများ ရေရှည် တည်တံ့စေရေးနှင့် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်း ပြုစုရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံအဝှမ်းတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ၁၅၀၂ ကြိမ် သစ်ပင်ပေါင်း ၁,၀၈၈,၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ဖြစ်သည်။