ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများ အသီးသီး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများ အသီးသီး ကျင်းပခဲ့သည်။

     ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ်၊ ဒဂုံတက္ကသိုလ်ဝင်းအတွင်း ၂၀၂၄ ခုနှစ်၊ ဆဌမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၂-၇-၂၀၂၄ ရက်နေ့၊ နံနက် ၇:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်ဇနီး၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ အင်အား (၂၂၅၀) ဦး တက်ရောက်ခဲ့ပြီး ပျဉ်းကတိုး၊ ပိတောက်၊ ပျဉ်းမ၊ ခရေ၊ ငုဝါ၊ စိန်ပန်းကြီး၊ တရုတ်တည်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ မအူ၊ မယ်ဇယ် စုစုပေါင်း(၅၀၅၈)ပင် စိုက်ပျိုးခဲ့ကြသည်။

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကယားဒေးကွင်းအတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ၂၁-၇-၂၀၂၄ ရက်နေ့၊ နံနက် ၇:၀၀ နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်နှင့် သစ်တောဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျွန်း၊ ခရေ၊ စိန်ပန်းပြာ၊ မဟောဂနီ၊ ပိတောက်၊ စကားဝါ၊ ကံကော်၊ ချယ်ရီ၊ ဗာဒံ၊ ချင်းဒညင်း စုစုပေါင်း (၉၀၀) ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်ဝန်းအတွင်း တတိယအကြိမ်မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ၁၈-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်များအပါအဝင် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ အင်အား (၅၂၈) ဦး တက်ရောက်ခဲ့ကြပြီး တမာ၊ ခရေ၊ ပန်းမဲဇလီ၊ ပိတောက် (၆၀၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။