ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁,၅၉၄) ဧကရှိသော နယ်မြေကို “စခန်းသစ်ကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၆၅/၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၄) ရက် (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့ရေးကို အထောက်အကူပြုနိုင်ရန်၊ ဒေသခံပြည်သူများအတွက် ငါး၊ ကဏန်း၊ ပုစွန်စသော ရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေဝင်ရောက်မှုများမှ တားဆီးကာကွယ်နိုင်ရန်နှင့် ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
စခန်းသစ်ကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ငှက်၊ ကနစို၊ သမဲ့ကြီး၊ သမဲ့ကျက်တက်၊ လမု၊ လဘ၊ ပင်လယ်အုန်း၊ ကျန၊ ဘူးဇရပ်၊ သမဲ့ဖြူနှင့် ဓနိပင် စသည်တို့အား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ခရု စုပ်ငှက်၊ ဗျိုင်းငှက်၊ စွန်ခေါင်းဖြူ၊ မျောက်၊ တောဘဲ၊ ဒင်ကျီးငှက် စသည့်ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ငါး၊ ကဏန်း၊ ပုစွန်များ ရှင်သန်ပေါက်ဖွားရာ ဂေဟစနစ်ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုနိုင်ခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင် မည်ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန