ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ဟုမ္မလင်းမြို့နယ်အတွင်းကျရောက်နေသည့်ဧရိယာအကျယ်အဝန်း (၁၄,၀၀၀)ဧက ရှိသောနယ်မြေကို“နန်းစဖိကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၈၀/၂၀၂၄) အရ ၁၃၈၆ခုနှစ်၊ တော်သလင်းလဆန်း ၄၀ရက်(၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့် ရေအရင်းအမြစ်နှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရန်၊ ဂေဟစနစ် တည်ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းနိုင်ရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
နန်းစဖိကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသောအဖိုးတန်သစ်မျိုးဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်နှင့် အခြားဒေသ မျိုးရင်းသစ်မျိုးများဖြစ်သော အင်၊ ကညင်၊ သစ်ကတိုး၊ ဖန်ခါး၊ ယမနေ၊ သဒီ၊ သပြေ၊ သစ်အယ် စသည့်သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ထိစပ်နေသဖြင့် ရှားပါးတိရစ္ဆာန်မျိုးများဖြစ်သည့် ကျား၊ ဆင်၊ ပြောင် နှင့် ဝက်ဝံ၊ မျောက်၊ ဆတ်၊ ဂျီ၊ တောဝက်တို့၏ နေထိုင်ကျက်စားရာဒေသအား ပိုမိုထိရောက်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ချင်းတွင်းမြစ်အတွင်းစီးဝင်သော နန်းစဖိချောင်း၊ နန်းပဂွန်ချောင်း၊ နန်းစလယ်ချောင်း၊ နန်းလှော် ချောင်း၊ နန်းခွိုက်မိုနန်ချောင်းတို့၏ ရေဝေရေလဲဧရိယာအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ နှုန်းအနည်အနှစ်ပို့ချမှုများ၊ ရေတိုက်စားမှုများမှ ကာကွယ်ပေးနိုင်ခြင်း၊ သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ပိုမိုတိုးပွါးလာစေခြင်း၊ သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်မျှတလာနိုင်ခြင်း နှင့် ဂေဟစနစ်များပိုမိုကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။