မံလွဲယံကြိုးပြင်ကာကွယ်တော သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ကသာမြို့နယ်အတွင်း ကျရောက်နေသည့်ဧရိယာအကျယ်အဝန်း (၁၄,၅၃၄)ဧက ရှိသောနယ်မြေကို“မံလွဲယံကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၇၉/၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်(၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့် ရေအရင်းအမြစ်နှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရန်၊ ဂေဟစနစ် တည်ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက် ဖြစ်သော သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်ရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။

မံလွဲယံကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက် ရောက်လျက်ရှိသောအဖိုးတန်သစ်မျိုးဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ထောက်ကြံ့နှင့် အခြားဒေသမျိုးရင်း သစ်မျိုးများဖြစ်သော အင်၊ ကညင်၊ ယမနေ၊ သတီ၊ သစ်အယ်၊ ဘင်္ဂ၊ ကြို့ စသည့်သစ်မျိုးများအား  ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ချေ၊ တောဝက်၊ တောကြောင်၊ တောကြက် စသည့်တိရစ္ဆာန်များ၊ ဇီဝမျိုးစုံမျိုးကွဲများနေထိုင်ကျက်စားရာဒေသများ၊ နေရင်းဒေသများ ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်၏ ရေဝေရေလဲ ဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ပိုမိုတိုးပွါးလာစေခြင်း၊ နှုန်းအနည်အနှစ်ပို့ချမှုများ၊ ရေတိုက်စားမှုများမှ ကာကွယ်ပေးနိုင်ခြင်း၊ သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်မျှတလာနိုင်ခြင်း၊ ဂေဟစနစ်ပိုမိုတည်ငြိမ် လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။