ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၃၃၀)ဧကရှိသော နယ်မြေကို “ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တောအပိုင်း(၁)” နှင့် ဧရိယာအကျယ်အဝန်း(၃၀)ဧကရှိသောနယ်မြေကို“ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တောအပိုင်း(၂)”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၈၂/၂၀၂၄)အရ ၁၃၈၆ခုနှစ်၊ တော်သလင်းလဆန်း (၇)ရက် (၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်) မှစ၍ သတ်မှတ်ကြောင်းကြေညာလိုက်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည်အပူပိုင်းဒေသ၏သဘာဝ တောကျန်များအား ထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်၊မြေဆီလွှာတိုက်စားမှုများတားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများထိန်းသိမ်းရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။
ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တောအပိုင်း(၁)နှင့် အပိုင်း(၂) သတ်မှတ်ခြင်းဖြင့် အဆိုပါ ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော အပူပိုင်းဒေသ၏ ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း၊ တမာ၊ ဆူးဖြူ၊ နဘဲ စသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်မည် ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါး နှင့် အခြားအပူပိုင်း ဒေသထွက်သစ်တောထွက်ပစ္စည်းများပိုမိုရရှိနိုင်ခြင်း၊အရိပ်နှင့် နားခိုရာနေရာများ တိုးပွါးလာစေ ခြင်း၊ ခါ၊ ချိုး၊ တောကြောင်၊ ငုံး၊ ယုန်၊ ရှဉ့် စသည့် တိရစ္ဆာန်များ၏နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ရေတိုက်စားမှု၊လေတိုက်စားမှုများမှ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊မြေအောက်ရေထိန်းသိမ်းနိုင်ခြင်း နှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်မျှတလာနိုင်ခြင်းစသည့် အကျိုးကျေးဇူး များရရှိနိုင်မည်ဖြစ်ပါသည်။